Showing posts with label သတင်း. Show all posts
Showing posts with label သတင်း. Show all posts

Friday, 4 February 2011

ဒီကေဘီအေ ဗိုလ်မှူးချုပ် စောလှဘွယ် ရဲ့ အမှာစကား

February 4, 2011

ဒီမိုကရေစီစနစ်သာလျှင် ကျနော်တို့ တိုင်းရင်းသားတွေရဲ့ လွတ်လပ်မှုနဲ့ တန်းတူမှုကို အာမခံချက်ပေးနိုင်တယ်။ ဒီမိုက ရေစီရဖို့က ကျနော်တို့ တိုင်းရင်းသားအဖွဲ့အစည်းတွေက တက်ညီလက်ညီ တပြိုင်တည်း ဒီစစ်အာဏာရှင်စနစ်ကို တိုက် မှရမယ်။ ဟိုတပေါက် ဒီတပေါက် လုပ်လို့မဖြစ်ဘူး။ ညီညီညွတ်ညွတ် လုပ်မှရမယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ကျနော်တို့ ထောက်ခံတယ်။ ကျနော်တို့ ထောက်ခံတယ်ဆိုတာ တိုက်ပွဲနဲ့ အသက်နဲ့ရင်းပြီး ထောက်ခံတာဖြစ်တယ်။ တိုက်ပွဲပုံစံမတူပေမယ့် စိတ်တူကိုယ်တူ တထပ်တည်းပဲ။ ဒါကြောင့် ကျနော်တို့ တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ ပြည်တွင်းအင်အားစုတွေ ညီညီညွတ်ညွတ်နဲ့ ပြန်စုစည်းမှရမယ်။ ဘယ်နည်းနဲ့ပဲတိုက်တိုက် ဒီစစ်အာ ဏာရှင်စနစ်က တိုက်မှရမယ်။ ဒါကြောင့် ကျနော်တို့တိုက်ပွဲဝင်တဲ့ အင်အားစုအားလုံးစုစည်းညီညွတ်ဖို့လိုတယ်။

ဒေါ်အောင်ဆန်းစုကြည် တယောက်ထဲကိုပဲ တာဝန်ပေးလို့ မဖြစ်ဘူး။ ကျနော်တို့ တိုင်းရင်းသားတွေကလည်း အပြည့်အ ဝ ကိုယ်တတ်နိုင်တဲ့ နည်းလမ်းတွေနဲ့ ဝိုင်းရံပံ့ပိုးပေးရမယ်။ နောက်ပြီး နိုင်ငံတကာမှရှိကြတဲ့ ကျနော်တို့ အင်အားစုတွေ ကလည်း အဲ့ဒီနိုင်ငံတွေမှာ ရှိနေတဲ့ နအဖ သံရုံးတွေကို ဝိုင်းဝန်းပိတ်ဆို့ပြီး အပြင်းအထန် ဆန္ဒပြကြဖို့ လိုပါတယ်။

အဲဒီလို ဘက်ပေါင်းစုံက တက်ညီလက်ညီလုပ်ရင် ကျနော်တို့ လိုချင်တဲ့ ဒီမိုကရေစီ၊ လွတ်လပ်မှုနဲ့ တန်းတူမှုအခွင့်အရေး တွေ အမြန်ဆုံးရမှာ သေချာတယ်။ ကျနော်ယုံကြည်တယ်။

ဗိုလ်မှူးချုပ် စောလှဘွယ်
ဒီကေဘီအေ
၃ ဖေဖော်ဝါရီလ ၂၀၁၁ ခုနှစ်

http://www.naytthit.net/?p=7851

ReadMore-2.jpg

Tuesday, 1 February 2011

NLD ဝဘ်က်ဆိုက် ဒေါ်စု ကြိုက်

နယူးဒေလီ (မဇ္ဈိမ) ။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အင်တာနက်စာမျက်နှာ ပေါ်ထွက်လာမှုကို မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ကျေနပ်မှုရှိသည်ဟု ဆိုသည်။

မနေ့ ညနေမှစ၍ ဖွင့်လှစ်ခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အင်တာနက် စာမျက်နှာသို့ ပေးပို့ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်၏ နှုတ်ခွန်းဆက် သဝဏ်လွှာတွင် ဖော်ပြထားသည်။

“အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ မူဝါဒတွေ၊



လုပ်ကိုင်လှုပ်ရှားမှုတွေကို ကမ္ဘာတဝှမ်း သိရှိနိုင်စေမယ့် အင်တာနက် စာမျက်နှာတခု ပေါ်ပေါက်လာတာကို သိပ်ကို ကျေနပ်မိပါတယ်'' ဟု ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် လက်မှတ်ထိုးထားသည့် သဝဏ်လွှာထဲ၌ ရေးထားသည်။ မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေးအတွက် ပြည်တွင်းပြည်ပ ပြည်သူ့ကွန်ယက်ကြီး ဖွဲ့ရာတွင် ဆက်သွယ်ရေး လမ်းကြောင်း ကောင်းမွန် ကျယ်ပြန့်ခြင်းက အဓိကဟုလည်း ဆိုသည်။

''ဒီစာမျက်နှာမှတဆင့် မြန်မာနိုင်ငံ ဒီမိုကရေစီရေးကို အားသန်စွာ ထောက်ခံနေသူများ၊ ဒီမိုကရေစီရေးနဲ့ အဖွဲ့ချုပ် အကြောင်းကို ပိုမိုသိရှိလိုသူများနဲ့ ကျမတို့ ဆက်သွယ်ခြင်းအားဖြင့် ကျမတို့အားလုံး မျှော်မှန်း တမ်းတနေတဲ့ ဒီမိုကရေစီ ပြည်ထောင်စုကြီး ပိုပြီး မြန်ဆန်စွာ ပေါ်ထွန်းလာနိုင်မယ်လို့ ထင်မိပါတယ်” ဟုလည်း ဆိုသည်။

ဝဘ်က်ဆိုက်လိပ်စာမှာ www.nldburma.org ဖြစ်ပြီး အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာဖြင့် လွှင့်တင်ထားကာ ဆိုက်ထဲတွင် စည်းရုံးရေး၊ ပြန်ကြားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ နိုင်ငံတကာ၊ ဥပဒေနှင့် တိုင်းရင်းသားရေးရာ ကဏ္ဍများ ပါရှိသည်။



စည်းရုံးရေးကဏ္ဍတွင် ပြည်နယ်နှင့် တိုင်း၊ လူငယ်၊ အမျိုးသမီးနှင့် လွှတ်တော် ကိုယ်စားပြုကော်မတီ CRPP ကဏ္ဍခွဲများ ပါဝင်ပြီး ပြန်ကြာရေးကဏ္ဍတွင် သတင်းထုတ်ပြန်ချက်များ၊ အင်တာဗျူး၊ ဆောင်းပါးနှင့် မီဒီယာ ဟူ၍ ကဏ္ဍခွဲများ ပါရှိသည်။

လူမှုရေးကဏ္ဍတွင် အရေးပေါ် လုပ်ငန်း၊ နိုင်ငံရေး အကျဉ်းသားများနှင့် အခြားကိစ္စများ ပါဝင်ပြီး ကျန်းမာရေးတွင် HIV ဝေဒနာရှင်များအကြောင်း၊ နိုင်ငံတကာကဏ္ဍတွင် အမေရိကန်၊ အာဆီယံ၊ တရုတ်၊ အိန္ဒိယ၊ မြောက်အမေရိကနှင့် ဥရောပနိုင်ငံများအကြောင်း ပါရှိသည်။ ထို့ပြင် NLD လှုပ်ရှားမှု ရုပ်သံမှတ်တမ်းနှင့် ဓာတ်ပုံများပါ ဖော်ပြထားသည်။

http://www.mizzimaburmese.com/news/inside-burma/6819-nld-.html

ReadMore-2.jpg

စစ်တပ်ချုပ်ကိုင်တဲ့ လွှတ်တော်ကြောင့် အပြောင်းအလဲအတွက် အခွင့်အလမ်း ဆုံးရှုံး

တနင်္လာ, 31 ဇန်နဝါရီ 2011

မြန်မာနိုင်ငံမှာ မနေ့ကစပြီး ခေါ်ယူကျင်းပခဲ့တဲ့ လွှတ်တော်တွေမှာ စစ်တပ်အရာရှိတွေနဲ့ စစ်အစိုးရရဲ့ USDP ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက လွှမ်းမိုးထားလိမ့်မယ် ဆိုတာကို မူလကတည်းက မျှော်လင့်ပြီးသား ဖြစ်တယ်လို့ အမေရိကန် ပြည်ထောင်စု နိုင်ငံခြားရေးဌာနက ပြောပါတယ်။

မနေ့က ကျင်းပတဲ့ လွှတ်တော်တွေမှာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအဖြစ် သူရ ဦးရွှေမန်း၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌအဖြစ် ယဉ်ကျေးမှုဝန်ကြီး ဦးခင်အောင်မြင့်တို့ကို ရွေးချယ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၇ ရက် ပါလီမန် ရွေးကောက်ပွဲတွေဟာ လွတ်လပ်မျှတမှု မရှိဘူးဆိုပြီး အမေရိကန် ပြည်ထောင်စုက ထုတ်ပြန်ကြေညာပြီးသား ဖြစ်ပါတယ်။

“အခု လွှတ်တော် အခြေအနေနဲ့ ပတ်သက်လို့ ဘာမှ အံ့အားသင့်စရာ မရှိပါဘူး။ အမေရိကန် ပြည်ထောင်စု အနေနဲ့ကတော့ အရင်က ပြောထားတဲ့အတိုင်း နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးပြီး အားလုံး ပါဝင်နိုင်တဲ့၊ လမ်းဖွင့်ပေးထားတဲ့ နိုင်ငံရေး လုပ်ငန်းစဉ်တရပ်ကို မြင်ချင်ပါတယ်။” လို့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ ပီ.ဂျေ ခရော်လီ (P.J Crowley) က ပြောသွားပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ဗဟိုတရားရုံးက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကို အသိအမှတ်ပြုဖို့ ငြင်းပယ်ခဲ့တာကိုလည်း စိတ်ပျက်မိတဲ့အကြောင်း ပြောပါတယ်။

တကယ်တော့ NLD နဲ့ တခြား ဒီမိုကရက်တစ် ပါတီတွေ၊ တိုင်းရင်းသား ပါတီတွေကို အသိအမှတ်ပြုတာဟာ မြန်မာအာဏပိုင်တွေအတွက် အခွင့်အလမ်းတရပ် ဖြစ်တယ်လို့လည်း ပြောပါတယ်။ ဒါကြောင့် မြန်မာအာဏာပိုင်တွေဟာ နောက်ထပ် အခွင့်အရေးတရပ်ကို ဆုံးရှုံး နစ်နာခဲ့ရတယ်လို့ အမေရိကန် ပြည်ထောင်စု အနေနဲ့ မြင်တဲ့အကြောင်း ပြောသွားပါတယ်။

မနေ့က နေပြည်တော်မှာ ကျင်းပတဲ့ အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်နဲ့ တပြိုင်တည်းပဲ တိုင်းဒေသကြီးနဲ့ ပြည်နယ် လွှတ်တော်တွေကိုလည်း ခေါ်ယူ ကျင်းပပါတယ်။ နောက်ဆုံးရရှိတဲ့ သတင်းတွေအရ တိုင်းဒေသကြီးနဲ့ ပြည်နယ် လွှတ်တော်တွေမှာလည်း ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်တွေပဲ လွှတ်တော်ဥက္ကဋ္ဌအဖြစ် အရွေးခံရပါတယ်။

သူရ ဦးရွှေမန်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအဖြစ် အရွေးခံရတာကြောင့် ဦးရွှေမန်း နိုင်ငံတော်သမ္မတ ဖြစ်လာမယ်ဆိုတဲ့ မျှော်လင့် ခန့်မှန်းမှုတွေ ကုန်ဆုံးသွားပြီး လက်ရှိ ၀န်ကြီးချုပ် ဦးသိန်းစိန် သမ္မတ ဖြစ်လာနိုင်တယ်ဆိုတဲ့ ခန့်မှန်းမှုတွေ ပိုထွက်လာပါတယ်။ ဒီနေ့မှာတော့ ဒုတိယ သမ္မတ ၃ ဦး ရွေးချယ်မှု စတင်မယ်လို့ မျှော်လင့်ရပါတယ်။

အတိုက်အခံ လှုပ်ရှားသူတွေက ဒီလွှတ်တော်ကနေ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေ ရရှိလာနိုင်လိမ့်မယ်လို့ မယူဆကြပါဘူး။

http://www.voanews.com/burmese/news/myanmar-new-parliament-us-114982859.html

ReadMore-2.jpg

Friday, 28 January 2011

အစိုးရသစ်နဲ့ ဆွေးနွေးဖို့ ဒေါ်စု အသင့်

ကြာသပတေး, 27 ဇန်နဝါရီ 2011

ပေါ်ပေါက်လာမယ့် အစိုးရသစ်နဲ့ တွေ့ဆုံဆွေးနွေးဖို့ အဆင်သင့်ပဲလို့ ဒေါ်အောင်ဆန်းစုကြည်က ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကဆစ် ပီရွန်း (Kasit Pironmya) ကို ပြောကြားခဲ့တယ်လို့ ထိုင်းနိုင်ငံခြားရေး ၀န်ကြီးဌာနက ပြောပါတယ်။ နိုင်ငံခြားရေးဝန်ကြီး ကဆစ် ပီရွန်းနဲ့ မကြာခင် ရက်ပိုင်းအတွင်းက ရန်ကုန်မြို့မှာ တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောကြားလိုက်တာပါ။ အပြည့်အစုံကို ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကဆစ် ပီရွန်းနဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ဟာ ဇန်န၀ါရီ ၂၁ ရက်နေ့က ရန်ကုန်မြို့ မီကားဆား ဧည့်ရိပ်သာမှာ တွေ့ဆုံခဲ့ကြတာပါ။ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကဆစ် ပီရွန်းနဲ့ တွေ့ဆုံစဉ် စစ်အစိုးရနဲ့ နှစ်ဘက် အလျှော့အတင်းလုပ်ပြီး ပြုလုပ်မယ့် တွေ့ဆုံဆွေးနွေးမှုတွေ ဖြစ်ပေါ်ဖို့ သူမဘက်က လမ်းကြောင်းဖွင့်ထားတဲ့ အကြောင်းနဲ့ မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့ အရေးယူမှုတွေကို ပြန်လည်သုံးသပ်ဖို့ အဆင်သင့်ရှိတဲ့ အကြောင်းတွေကို ပြောကြားခဲ့တယ်လို့ အမည်မဖော်လိုတဲ့ အဆင့်မြင့် ထိုင်းနိုင်ငံခြားရေး ၀န်ကြီးဌာန အရာရှိတဦးက ပြောပါတယ်။

လောလောဆယ် အခြေအနေအရ မကြာခင် အစိုးရသစ်တရပ် ပေါ်ပေါက်လာတော့မှာ ဖြစ်တဲ့အတွက် အဲဒီ ပေါ်လာတဲ့ အစိုးရသစ်နဲ့ အမျိုးသား ရင်ကြားစေ့ရေး ကိစ္စတွေအတွက် တွေ့ဆုံဆွေးနွေးဖို့ သူမဘက်က အဆင်သင့်ရှိတဲ့ အကြောင်းလည်း ထိုင်းနိုင်ငံခြားရေး ၀န်ကြီးကို ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံခြားရေးဝန်ကြီး ကဆစ် ပီရွန်းတို့ တွေ့ဆုံစဉ် ဆွေးနွေးခဲ့ကြတဲ့ အကြောင်းအရာ တချို့ကိုတော့ ထိုင်းနိုင်ငံခြားရေး ၀န်ကြီးဌာန အရာရှိတဦးက အခုလို ပြောပြပါတယ်။

“မြန်မာနိုင်ငံသားတွေ တိုးတက်ကောင်းမွန်ဖို့နဲ့ တိုင်းပြည်အတွင်း အမျိုးသား ရင်ကြားစေ့ရေး ဖြစ်ပေါ်လာဖို့အတွက် ထိုင်းနိုင်ငံ အနေနဲ့ ပူးပေါင်း လုပ်ဆောင်လိုစိတ် ရှိပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံရဲ့ ပြဿနာဟာ မြန်မာနိုင်ငံသားတွေ ကိုယ်တိုင် ဖြေရှင်းမှသာ ရနိုင်မှာပါ။”

ဒါ့အပြင် မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ စီးပွားရေး ပိတ်ဆို့အရေးယူမှုတွေ ရုပ်သိမ်းပေးရေးအတွက် အာဆီယံအဖွဲ့က လိုလားသလို တချိန်တည်းမှာပဲ မြန်မာနိုင်ငံအတွင်း ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေ အရှိန်တိုးမြှင့် လုပ်ဆောင်တာကို မြင်တွေ့လိုတဲ့အကြောင်း မကြာခင်က အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပခဲ့တဲ့ အာဆီယံ ၀န်ကြီးများ တွေ့ဆုံပွဲအတွင်း ဆွေးနွေးခဲ့ကြတာတွေကို နိုင်ငံခြားရေးဝန်ကြီး ကဆစ် ပီရွန်းက ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လည်ပြောပြခဲ့တယ်လို့ ဆိုပါတယ်။

နှစ်နိုင်ငံ နယ်စပ်ဒေသမှာ လုံခြုံ စိတ်ချရမှု အခြေအနေ ဖြစ်ပေါ်လာတာကို ထိုင်းနိုင်ငံ အနေနဲ့ မြင်တွေ့လိုတဲ့ အကြောင်းလည်း နိုင်ငံခြားရေးဝန်ကြီးက ဒေါ်အောင်ဆန်းစုကြည်ကို ပြောခဲ့တယ်လို့ ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ရန်ကုန်မြို့မှာ ခရီးရောက်မဆိုက် တွေ့ဆုံပြီး ထိုင်းနိုင်ငံခြားရေး ၀န်ကြီးဟာ နေပြည်တော်မှာ ကျင်းပနေတဲ့ BIMSTEC ဘင်္ဂလားပင်လယ်အော် ဒေသတွင်း နိုင်ငံများ ကဏ္ဍပေါင်းစုံ နည်းပညာနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ရဲ့ ၀န်ကြီးအဆင့် စည်းဝေးပွဲကို တက်ရောက်ခဲ့တာပါ။

အဲဒီ စည်းဝေးပွဲ ပြင်ပမှာပဲ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကဆစ် ပီရွန်းဟာ ၀န်ကြီးချုပ် ဦးသိန်းစိန်နဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း အပါအ၀င် တခြား စစ်အစိုးရ အရာရှိတွေနဲ့လည်း သီးခြား တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။

http://www.voanews.com/burmese/news/dassk-kasit-pironmya-114718819.html

ReadMore-2.jpg

ပြန်ပေးဆွဲထားသော နိုင်ငံရေးအကျဉ်းသား များ ‘ဆန်ရှင်’ နှင့် ရွေးမည်

Thursday, 27 January 2011 မောက္ခ နိုင်ငံတကာသတင်း
မြန်မာစစ်အစိုးရက နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော် ကို လွှတ်ပေးပြီး၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေး ခဲ့လျှင် စီးပွားရေးပိတ်ဆို့မှုများ ဖယ်ရှားဖို့ စဉ်းစားမည်ဟု အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး

(အရှေ့အာရှ ပိစိဖိတ်ရေးရာတာဝန်ခံ) ဂျိုးဇက် ၀ိုင် ယန်းက ဂျာကာတာပို့စ် သတင်းစာကို အင်္ဂါနေ့က ပြောဆိုခဲ့သည်။

ပြီးခဲ့တဲ့အပတ် အင်ဒိုနီးရှားနိုင်ငံ Lombok ကျွန်းတွင် ကျင်းပတဲ့ အာစီယံဝန်ကြီးများ အစည်းအဝေးတွင် အိမ်ရှင် အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Marty Natalegawa နှင့် အစီယံအဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးများက အမေရိက၊ အီးယူနှင့် ကနေဒါတို့မှ မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့ထားမှုအားလုံး ရုတ်သိမ်းပေးဖို့ တိုက်တွန်းခဲ့သည်။ မြန်မာ စစ်အစိုးရအနေဖြင့် ရွေးကောက်ပွဲ ကျင်းပပြီးစီးခဲ့ပြီး၊ ဒေါ်အောင်ဆန်းစုကြည် ကိုလည်း နေအိမ်အကျယ်ချုပ်မှ လွှတ်ပေးခဲ့ ပြီဖြစ်ကြောင်း အာစီယံဝန်ကြီးများက မစ္စတာယန်းကို အစည်းဝေးတွင် ၀ိုင်းဝန်း ပြောဆိုခဲ့သည်။

မစ္စတာယန်းက အာစီယံဝန်ကြီးများရဲ့ တောင်းဆိုမှုများမှာ အလွန်ကောင်းမွန်ကြောင်း၊ သို့သော် စစ်အစိုးရအနေဖြင့် နိုင်ငံ တကာအသိုင်းအ၀ိုင်း တောင်းဆိုတဲ့ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးဖို့နဲ့ အမျိုးသားရင်ကြားစေ့ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ အရင်ဆွေးနွေးဖို့ လိုကြောင်း ပြောဆိုခဲ့သည်။

“ရှင်းရှင်းလေးပါ၊ အမျိုးသားပြန်လည်သင့်မြတ်ရေး လမ်းကြောင်းကသာ တိုးတက်မှု ဖြစ်ထွန်းပါလိမ့်မယ်။ မြန်မာ အာဏာပိုင်တွေက အဲဒီလမ်းကြောင်းလိုက်တာနဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်းဘက်က အပေါင်းလက္ခဏာ ပြလိုက်မှာပါ” ဟု ဂျာကာတာပို့စ် သတင်းစာကို ပြောကြားခဲ့သည်။

အိမ်ရှင် အင်ဒိုနီးရှားနိုင်ငံခြားရေး ၀န်ကြီးက မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှုကိုသာ အရင်ဖယ်ရှားပေးဖို့ ဖိပြောပေ မယ့်၊ မစ္စတာယန်းက နိုင်ငံရေးအကျဉ်းသားလွှတ်ပေးမှုအပါအ၀င် အမျိုးသား ရင်ကြားစေ့မှု လက်တွေ့လုပ်ရပ်တွေနဲ့ စီးပွားရေးရုတ်သိမ်းမှုမှာ အပြန်အလှန်လုပ်ဆောင်ရမှာဖြစ်ကြောင်း ပြန်လည် ပြောဆိုခဲ့သည်။

မြန်မာစစ်အစိုးရ အကြောင်းမဲ့ ဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော်မှာ အမြဲတမ်း နိုင်ငံတကာနဲ့ အပေး အယူလုပ်ဖို့ ပြန်ပေးဆွဲခံထားရတာ ဟု နှစ်ရှည်နိုင်ငံရေးအကျဉ်းသားဟောင်း ဆရာတော် အရှင်ဇ၀နမှ မောက္ခကို ပြောဆို ခဲ့သည်။

The Jakarta Post
http://www.maukkha.org/index.php?option=com_content&view=article&id=1302:2011-01-27-23-51-56&catid=119:2010-10-11-07-36-06&Itemid=373

ReadMore-2.jpg

Tuesday, 25 January 2011

ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး ပြန်လည်ကောင်းမွန်

မင်းနိုင်သူ Monday, 24 January 2011 19:43
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်သည် ယခင်ရက်ပိုင်းများက ကျန်းမာရေး ချို့ယွင်း နေရာမှ ယခု ပြန်လည် ကောင်းမွန်လာပြီ ဖြစ်ကြောင်း သိရသည်။
“သာမန် ဖျားနာမှုသဘော လောက်ပါပဲ၊ ဒီနေ့အထိတော့ နားနေပါသေးတယ်၊ အအေးမိတဲ့သဘောပါ။ နောက်ရက်တွေ ရုံးချုပ်ကိုပြန် တက်နိုင်တော့မှာပါ”ဟု NLD ပြောခွင့်ရ ဦးအုန်းကြိုင်က ပြောသည်။

လွန်ခဲ့သည့်ရက်ပိုင်းများက မြန်မာပြည်တွင် အအေးပိုခဲ့ရာ ဇန်န၀ါရီ ၂၁ ရက်တွင် ဒေါ်အောင်ဆန်းစုကြည်သည် ထိုင်းနိုင်ငံခြားရေး ၀န်ကြီး မစ္စတာ ကဆစ် ဖိရုမ်းနှင့် တွေ့ဆုံခဲ့ပြီးနောက် ကျန်းမာရေးကြောင့် အနားယူနေခဲ့ရသည်။

ယနေ့ ပါတီ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးသို့ ဒေါ်အောင်ဆန်းစုကြည် မတက်ရောက်နိုင်သေးသော်လည်း ဖေဖော်ဝါရီ ၁၂ ရက်တွင် ကျရောက်မည့် ပြည်ထောင်စုနေ့ အခမ်းအနားကို ပါတီရုံးချုပ်တွင် ပြုလုပ်သွားရန် ဆုံးဖြတ်ခဲ့ကြကြောင်း သိရသည်။

နအဖ စစ်အစိုးရရုံးစိုက်ရာ နေပြည်တော် တရားရုံးချုပ်တွင် NLD ပါတီရပ်တည်ခွင့် အထူးအယူခံအတွက် ယနေ့ ကြားနာမှုပြုနေ စဉ်မှာပင် NLD ဗဟိုအလုပ်အမှုဆောင်များက ကျင်းပနေကျ ပြည်ထောင်စုနေ့အခမ်းအနားကို ဆက်လက် ကျင်းပသွားရန် ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။

“ပါတီရပ်တည်ခွင့် အထူးအယူခံအတွက် ရှေ့နေကြီး ဦးဉာဏ်ဝင်း ၊ ဦးကျော်ဟိုးတို့ နေပြည်တော်ကို ဒီကနေ့ သွားရောက်ပြီး လျှောက်လဲချက် ပေးခဲ့ပါတယ်”ဟု ဦးအုန်းကြိုင်က ပြောသည်။

၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ NLD ပါတီသည် နအဖ စစ်အစိုးရ ကျင်းပသော ၂၀၁၀ ရွေးကောက်ပွဲအတွက် ပါတီထပ်မံ မှတ်ပုံတင်ခြင်း မပြုသောကြောင့် ရွေးကောက်ပွဲကော်မရှင်က NLD ပါတီကို တရားဝင် ရပ်တည်ခွင့်မရှိကြောင်း ကြေညာခဲ့သည်။

ထိုကဲ့သို့ ကြေညာခဲ့သည့်အပေါ် ဒေါ်အောင်ဆန်းစုကြည်က ပြန်လည် တရားရင်ဆိုင်နေရာ ပါတီရပ်တည်ခွင့် အထူးအယူခံကို နေပြည်တော် တရားရုံးချုပ်က ယနေ့လက်ခံကြားနာခဲ့ခြင်းဖြစ်သည်။

ယနေ့ အထူးအယူခံသည် နောက်ဆုံးအဆင့် အယူခံဖြစ်ပြီး တရားရုံးချုပ်က စီရင်ချက်ချမည့်နေ့ကိုမူ မသိရသေးပေ။

http://www.bur.irrawaddy.org/index.php/news/5545-2011-01-24-12-48-39

ReadMore-2.jpg

လူထု နိုင်ငံရေး ပါဝင်ခွင့်မရှိသေးဟု စောင့်ကြည့်အဖွဲ့ ဝေဖန်

ချင်းမိုင် (မဇ္ဈိမ) ။ ။ မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေ ဆက်လက် ဆိုးရွားနေပြီး စစ်အစိုးရက လူထု၏ နိုင်ငံရေး လှုပ်ရှားပါဝင်နိုင်ခွင့်ကို ဆက်လက် ငြင်းဆိုနေသည်ဟု အမေရိကန် အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ (HRW) က မနေ့က ဝေဖန်လိုက်သည်။

စစ်တပ်ထောက်ခံသည့် ပါတီများအနိုင်ရရေးကို ရည်ရွယ်ထုတ်ပြန်ထားသည့် ဥပဒေများဖြင့် လူတဦးချင်း၏ ထင်မြင်ယူဆခွင့်၊ အသင်းပင်းဖွဲ့စည်းခွင့်၊ သတင်းရေးသား ထုတ်ပြန်ခွင့် စသည့် အခြေခံအခွင့်အရေးများကို တင်းကျပ်ထားပြီးမှ ရွေးကောက်ပွဲ ကျင်းပခဲ့သည်ဟု အဖွဲ့၏ ယခုနှစ် အစီရင်ခံစာတွင် ဖော်ပြထားသည်။












ထိုစဉ်က နေအိမ်အကျယ်ချုပ်ကျခံနေရသည့် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲ မဝင်နိုင်ရေးသာမက ပါတီဝင်အဖြစ်ပင် မရပ်တည်နိုင်ရန် ရွေးကောက်ပွဲ ဥပဒေဖြင့် “ကြိုတင်တားဆီး” ခဲ့သည်ဟု HRW က စွပ်စွဲထားသည်။

“နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ” မှ အခန်း ၁ ပုဒ်မ ၂-(ဌ)၊ နှင့် အခန်း ၂ ပုဒ်မ ၄-(င) တို့တွင် ထောင်ဒဏ်ကျခံနေရသူ၊ အယူခံမှု သို့မဟုတ် ပြင်ဆင်မှုလျှောက်ထားသော ထောင်ဒဏ်ကျခံနေရဆဲသူများကို ပါတီဝင်အဖြစ် လက်မခံရန် ဖော်ပြထားသည်။

ထို့ပြင် ပါတီများ မဲဆွယ်စည်းရုံးရာတွင်လည်း စစ်တပ်နှင့် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို မဝေဖန်ရန်၊ ဘာသာရေးအဆောက်အဦးများ၊ စာသင်ကျောင်းများတွင် ဟောပြောပွဲမလုပ်ရဟု ထုတ်ပြန်သည့် စည်းကမ်းများကို အခွင့်အရေးချိုးဖောက်မှုများအဖြစ် ထောက်ပြထားသည်။

မမျှတသည့် ယှဉ်ပြိုင်မှုအဖြစ် HRW က ထောက်ပြထားသည့် အခြားတချက်မှာ စစ်အစိုးရ ဝန်ကြီးချုပ် အပါအဝင် ဝန်ကြီး ၂၇ ဦး မနှစ် ဧပြီလက စစ်တပ်ရာထူးများမှ နှုတ်ထွက်ပြီး “လူမှုရေးအသင်း” အဖြစ် ဖွဲ့စည်းခဲ့သည့် ကြံ့ခိုင်ဖွံ့ဖြိုးရေးကို ပါတီအသွင်ပြောင်း ဦးဆောင်၍ အသင်းပိုင်ရန်ပုံငွေနှင့် ပစ္စည်းများကို အမွေဆက်ခံခဲ့သည့်ကိစ္စဖြစ်သည်။

ထို့ပြင် စစ်အစိုးရနှင့် သဘောထားမတိုက်ဆိုင်သော လက်နက်ကိုင်တိုင်းရင်းသားပြည်နယ် ကချင်၊ ကယား၊ ကရင်၊ မွန်နှင့် ရှမ်းပြည်နယ်တို့မှ မြို့နယ် ၃၂ ခုတွင်လည်း လုံခြုံရေးအကြောင်းပြချက်ဖြင့် ရွေးကောက်ပွဲမကျင်းပခဲ့ကြောင်း HRW က ထောက်ပြသည်။

နိုဝင်ဘာရွေးကောက်ပွဲသည် လူ့အခွင့်အရေး စံချိန်စံညွှန်းများနှင့် မကိုက်ညီဟု HRW က ထောက်ပြသကဲ့သို့ ရန်ကုန်အခြေစိုက် အတိုက်အခံအဖွဲ့တခုဖြစ်သော “လူ့အခွင့်အရေးမြန်မာ့ကွန်ယက်” အဖွဲ့ကလည်း စစ်အစိုးရ၊ ကော်မရှင်နှင့် ကြံ့ဖွံ့ပါတီတို့၏ ရွေးကောက်ပွဲကာလ အဂတိလိုက်စားခြင်း၊ ဥပဒေဖောက်ဖျက်ခြင်း တို့ကို အချက်အလက်များနှင့်တကွ စာတမ်းတစောင် ထုတ်ပြန်ထားသည်။

လူ့အခွင့်အရေးမြန်မာ့ကွန်ယက်၏ စာတမ်းတွင် မဲစာရင်းပြုစုခြင်း၊ မတရားမဲဆွယ်စည်းရုံးခြင်း၊ ကြိုတင်မဲ၊ ကိုယ်စားပြုမဲ၊ ဘက်လိုက်မှုများ၊ မဲရေတွက်ထုတ်ပြန်ခြင်း၊ ရွေးကောက်ပွဲဥပဒေများကို ချိုးဖောက်ခြင်းအပါအဝင် အပိုင်း ၁၂ ခုခွဲ၍ မှတ်တမ်းများဖြင့် ထောက်ပြထားသည်။

၁၉၈၃ နောက်ပိုင်း တိကျသည့် သန်းခေါင်စာရင်းကောက်ယူမှုမရှိပဲနှင့် ကော်မရှင်က ကြေညာခဲ့သည့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၂၉ သန်းကျော်ဆိုသည်ကို “ဆန္ဒမဲပေးနိုင်သည့် လူဦးရေ စာရင်း” အတိအကျ ဖြစ်ကြောင်း အတည်ပြုရန် ခက်ခဲသည်ဟု အဖွဲ့က မဲစာရင်းပြုစုပုံနှင့် ပတ်သက်၍ ကွန်ယက်က ထောက်ပြထားသည်။

စစ်အစိုးရဝန်ကြီးများသည် နိုင်ငံပိုင်ငွေများဖြင့် မဲဆွယ်ခဲ့ခြင်း၊ ကြိုတင်မဲမသမာမှုများ၊ မဲရုံမှူး ကိုယ်တိုင်မဲခြစ်ပေးခြင်း၊ မဲလက်မှတ်များကို တကြိမ်ထက်ပိုထုတ်ခြင်းများ၊ ဘာသာရေး အဆောက်အဦးများ၌ မဲဆွယ်စည်းရုံးခွင့်မရှိဟု သတ်မှတ်ထားသော်လည်း ကြံ့ဖွံ့ပါတီကိုမူ ခွင့်ပြုခြင်း၊ ဥပဒေအတိုင်း အများပြည်သူရှေ့ မဲရေတွက်ခြင်း မပြုခြင်းတို့ကို အချက်အလက်နှင့်တကွ ထောက်ပြထားသည်။

ကချင်ပြည်နယ် အင်ဂျန်းယန် မဲဆန္ဒနယ် ၂ နှင့် ဆွမ်ပရာဘွမ် မဲဆန္ဒနယ် ၂ သည် ပယ်ဖျက်ထားသည့် မဲဆန္ဒနယ်များဖြစ်သော်လည်း ကြံ့ဖွံ့ပါတီက အနိုင်ရသည်ဟု နိုင်ငံပိုင်သတင်းစာမှ ကြေညာခဲ့ပြီးနောက် မဟုတ်မှန်ကြောင်း အမှားပြင်ဆင်ချက် ပြန်ထည့်ပေးရခြင်းကိုထောက်ပြ၍ ကြံ့ဖွံ့ မဲအနိုင်စာရင်းများမှာ တိကျသေချာမှု မရှိကြောင်း ဖော်ပြသည်။

ထို့ပြင် ယနေ့အထိ မဲမသမာမှုများနှင့် ပတ်သက်၍ ကြံ့ဖွံ့ပါတီနှင့် အခြားပါတီများ အပြန်အလှန် တရားစွဲဆိုမှုများကိုလည်း ထောက်ပြသည်။

ထို့ပြင် ရွေးကောက်ပွဲနှင့် ပတ်သက်၍ ကုလသမဂ္ဂတွင် ကန့်ကွက်သည့် အဆိုကို နိုဝင်ဘာ ၁၈ ရက်က ပြုလုပ်ရာ ထောက်ခံသူ ၉၆ နိုင်ငံ၊ ကန့်ကွက်သူ ၂၈၊ ကြားနေ ၆ဝ ရှိသည်ကို ကြည့်ခြင်းဖြင့် စစ်အစိုးရက လူထုဆန္ဒကို မျက်ကွယ်ပြုခဲ့သည်မှာ ထင်ရှားသည်ဟု ယင်းစာတမ်းက ထောက်ပြလိုက်သည်။

http://mizzimaburmese.com/news/regional/6776-2011-01-25-11-59-33.html

ReadMore-2.jpg

Monday, 24 January 2011

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကြိုးပမ်းမှုတွေကို ထိုင်းက ကူညီမည်

ထိုင်းနိုင်ငံအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသားရင်ကြားစေ့ရေး ကြိုးပမ်းမှုတွေကို အကူအညီပေးမယ့် အကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက သောကြာနေ့က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံစဉ်မှာ ကတိပြု ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

(Photo: AFP)
၁၄ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေး အကြို ထိုင်းနိုင်ငံ ဟွာဟင်တွင် ကျင်းပသည့် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် (ဝဲမှယာ) ဖိလိပိုင်မှ အယ်လ်ဘတ်တို ရိုမြူလို၊ စင်ကာပူမှ ဂျော့ခ်ျ ယော၊ ထိုင်းမှ ခါဆစ် ပီရိုမြာ၊ ဗီယက်နမ်မှ ဖမ်ဂီယာခင်မ်နှင့် မြန်မာမှ ဦးဉာဏ်ဝင်းတို့ လက်ချင်းတွဲ ဓာတ်ပုံ အရိုက်ခံနေပုံ ဖြစ်ပါသည်။ (Photo: AFP)

သောကြာနေ့က တနာရီကြာ တွေ့ဆုံခဲ့စဉ် ထိုင်းနိုင်ငံအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာနိုင်ငံအတွက် အပြုသဘောဆောင်တဲ့ ထင်ရှားသူ၊ လူမျိုးစုတွေကို ကိုယ်စားပြုသူ အတိုက်အခံခေါင်းဆောင် ဖြစ်တယ်ဆိုပြီး ပြောဆိုခဲ့တယ်လို့ ထိုင်းနိုင်ငံခြားရေး သတင်းရပ်ကွက်နဲ့ နီးစပ်သူတွေကို ကိုးကားပြီး MCOT သတင်းမှာ ဖော်ပြထားပါတယ်။


ဒါ့အပြင် ထိုင်းနိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံမှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံ ဒီမိုကရေစီ မြင့်မားလာရေးအတွက် အဓိက ခြေလှမ်းဖြစ်တယ်လို့ ယုံကြည်ကြောင်း၊ ထိုင်းနိုင်ငံ အနေနဲ့လည်း မြန်မာနိုင်ငံကို အကူအညီပေးဖို့ အသင့်ရှိနေကြောင်း ပြောဆိုပါတယ်။

ပီးခဲ့တဲ့ အပတ်က အင်ဒိုနီးရှားနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ အရှေ့တောင်အာရှ နိုင်ငံများအဖွဲ့ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးကနေ မြန်မာနိုင်ငံအပေါ် အမေရိကန်နဲ့ ဥရောပနိုင်ငံတွေက ချမှတ်ထားတဲ့ အပြည်ပြည်ဆိုင်ရာ စီးပွားရေး ပိတ်ဆို့မှုတွေကို ပြန်လည် သုံးသပ်သင့်တယ်လို့ တောင်းဆိုခဲ့တာကိုလည်း ထိုင်း နိုင်ငံခြားရေးဝန်ကြီးက ဒေါ်အောင်ဆန်းစုကြည်ကို ရှင်းပြခဲ့တယ်လို့ ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကလည်း မြန်မာနိုင်ငံမှာ အမျိုးသား ရင်ကြားစေ့ရေးအတွက် စစ်အစိုးရ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးရေးကို ပြင်ဆင်ထားကြောင်း ပြောဆိုခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

ဒီတွေ့ဆုံပွဲနဲ့ ပတ်သက်ပြီး ထိုင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က မှတ်ချက်ပေးဖို့ ငြင်းဆိုခဲ့သလို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကလည်း ဒီတွေ့ဆုံမှုဟာ ရင်းနှီးချစ်ကြည်မှု ရှိတဲ့ တွေ့ဆုံပွဲဖြစ်ကြောင်းသာ ပြောဆိုပြီး အသေးစိတ် ထုတ်ပြန်တာ မရှိသေးပါဘူး။

http://www.rfa.org/burmese/news/thai_pledges_assk_to_support_burma_reconciliation-01232011095841.html

ReadMore-2.jpg

မယ်လမုဘုရားပွဲတွင် ပြည်သူ့စစ်မှုထမ်းဥပဒေကို ဆန့်ကျင်တော်လှန်ရန် လှုံ့ဆော်စာများ ကြဲချ

January 24, 2011

ယနေ့ ၂၃-၁-၂၀၁၁ ည ရး၃၀ နာရီခန့်က ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ်ရှိ မယ်လမုဘုရားပွဲ အတွင်း လူစည်းကား ချိန်မှာ စစ်ဆန့်ကျင်ရေး လူငယ်များအစည်းအရုံး အမည်ဖြင့် ပြည်သူ့စစ်မှုထမ်း ဥပဒေကို ဆန့်ကျင်တော်လှန် ကြရန် လှုံ့ ဆော်စာများ ကြဲဝေသွားသည်။ ကြဲဝေသွားသည့် လှုံ့ဆော်စာများကို လူငယ်များ စိတ်အားထက် သန်စွာ လိုက်လံ ကောက်ယူ ဖတ်ရှုနေကြကြောင်းပါ တွေ့မြင်ရသည်။

ကြဲဝေသွားသည့်စာမှာ အောင်ပါအတိုင်း ရေးသားထားသည်။

လူငယ်အပေါင်းတို့ …

လူငယ်အပေါင်းတို့ ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုတာ တို့လူငယ်တွေကို စစ်အာဏာပိုင်တွေလက်အောက် အဓမ္မ လက် မြှောက်အရှုံးပေးခိုင်းပြီး အညွန့်ချိုးတဲ့ ဥပဒေဖြစ်တာမို့ တိုလူငယ်တိုင်း ဆန့်ကျင်တော်လှန်ကြပါ။

တို့တိုင်းရင်းသားမောင်နှမတွေရဲ့ ဘဝအိုးအိမ်တွေကို ဖျက်ဆီးရိုက်ချိုးသတ်ဖြတ်နေတဲ့ စစ်အာဏာရှင်တွေရဲ့ ထိုးစစ်တွေ မှာ တို့လူငယ်တွေရဲ့ သန့်စင်တဲ့ လက်တွေကို သွေးစွန်းစေမှာမို့ ဒီ ပြည်သူ့စစ်မှုထမ်း ဥပဒေကို ဆန့်ကျင်တော်လှန်ကြပါ။

တို့ပြည်သူတွေရဲ့ ဘဝကို လုံခြုံပြည့်စုံစေမယ့် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးတွေကို နှိပ်ကွပ်ချေမှုန်းမယ့် ပြည်သူ့စစ်မှု ထမ်း ဥပဒေနဲ့အတူ အတုအယောင် လွှတ်တော်အစိုးရကို ဆန့်ကျင်တော်လှန်ကြပါ။

http://www.naytthit.net/?p=6925

ReadMore-2.jpg

Thursday, 20 January 2011

ကိုမင်းကိုနိုင် အရိုးကျည်းပေါင်းအတွက် ဆေးကုသပေမယ့် မသက်သာသေး

2011-01-20
ကျိုင်းတုံထောင်မှာ အပို့ ခံထားရတဲ့ ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်ဟာ အရိုးကျည်းပေါင်း တက်တာနဲ့ အဆစ်အမြစ် ကိုက်ခဲတဲ့ ဝေဒနာတွေအတွက် ဆက်ပြီး ဆေးကုသမှု ခံယူနေရတယ်လို့  သတင်း ရရှိပါတယ်။



၈၈ မျိုးဆက် ကျောင်းသား ကိုမင်းကိုနိုင် ၂ဝဝ၇ ခုနှစ် ဇန်နဝါရီလက နှစ်ရှည် ထောင်ဒဏ်မှ လွတ်မြောက်ခဲ့ပြီးနောက် မိသားစုနေအိမ်တွင် တွေ့ရသည့် မှတ်တမ်းပုံ ဖြစ်ပါသည်။ (Photo: AFP)

ဒီဝေဒနာတွေ အတွက် ဆေးလိမ်း၊ ဆေးသောက်၊ လေ့ကျင့်ခန်း လုပ်နေရပေမယ့် ရာသီဥတု အေးလွန်းတဲ့ အတွက် သက်သာပျောက်ကင်းမှု မရှိဘူးလို့ သိရပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်လို့  ပြီးခဲ့တဲ့ သတင်းပတ်ထဲမှာ ထောင်ဝင်စာတွေ့ ပြီး ပြန်လာတဲ့ ကိုမင်းကိုနိုင်ရဲ့ အမဖြစ်သူ ဒေါ်ကြည်ကြည်ညွန့် က RFA ကို အခုလို ပြောပါတယ်။

"ကျမ်းမာရးက ခါတိုင်းလိုဘဲ။ လက်က ကျည်းပေါင်းတက်တယ်လေ။ အဲဒါကို လေးကျင့်ခန်းလုပ်ပါတယ်။ လိမ်းဆေး လိမ်းပါတယ်။ ဆရာဝန် ညွှန်ကြားချက်အရ မခံမရပ်နိုင်အောင် နာရင်တော့ သောက်ဆေးပါ တွဲသောက်ရတယ်။ လေ့ကျင့်ခန်း လုပ်တာကလည်း တခါတလေကျတော့ အသားဘဲနာတယ်တဲ့။ သိပ်မသက်သာဘူးတဲ့။ လုပ်တာတော့ မှန်မှန် လုပ်နေပါတယ်"

ကိုမင်းကိုနိုင်ဟာ အရင်က အကျဉ်းထောင် တိုက်ခန်းကနေ အပြင်ထွက်ခွင့် မရတဲ့ အခြေအနေ ဖြစ်ခဲ့ပြီး၊ အခုတော့ တနေ့ ကို တနာရီလောက်၊ တိုက်ခန်း ပြင်ပမှာ လမ်းလျှောက်ခွင့် ရတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် သူ့ အတွက် မိသားစုက ထောင်မှာ အပ်နှံပေးထားတဲ့ ကိုယ်ပိုင်ငွေနဲ့  အပတ်စဉ်ထုတ် ဂျာနယ် တချို့ ဝယ်ဖတ်ခွင့်ရတဲ့ အတွက် ပြင်ပ အခြေအနေ တချို့ သိနေတယ်လို့  မိသားစုက ပြောပါတယ်။

ကိုမင်းကိုနိုင်ဟာ ပထမတကြိမ်က ၁၉၈၉ ကနေ ၂၀၀၄ ခုနှစ်ထိ အင်းစိန်ထောင်နဲ့  စစ်တွေထောင်တွေမှာ နေခဲ့ရပါတယ်။

အခု တကြိမ် ၂၀၀၇ ခုနှစ်မှာ အဖမ်းခံရတဲ့ အခါမှာတော့ ထောင်ဒဏ် ၆၅ နှစ်နဲ့ ၆ လ ချမှတ်ခံရပြီး၊ အင်းစိန်ထောင်ကနေ တဆင့် ရှမ်းပြည်နယ် ကျိုင်းတုံထောင်မှာ အပို့ ခံထားရတာပါ။ ဒီအတွက် ရန်ကုန်မြို့မှာ နေထိုင်တဲ့ မိသားစုဝင်တွေ အနေနဲ့  ခရီးခက်ခဲတဲ့ အတွက် ၃ လမှ တကြိမ် ထောင်ဝင်စာ သွားတွေ့ နိုင်တယ်လို့ ဆိုပါတယ်။

ကျိုင်းတုံထောင်မှာ ကိုမင်းကိုနိုင် အပါအဝင်၊ မြန်မာနေးရှင်း ဂျာနယ်က ဦးစိန်ဝင်းမောင်၊ ဆရာတော် ဦးဣဿရိယ အပါအ၀င် နိုင်ငံရေး အကျဉ်းသား ၇ ဦး ရှိတယ်လို့  သိရပါတယ်။



ReadMore-2.jpg

ဒေါ်အောင်ဆန်းစုကြည် အင်တာနက် ရပြီ



Kyodo သတင်းဌာန
ဇန်န၀ါရီ ၂၀၊ ၂၀၁၁


(photo - AP on Dec 7, 2010)


မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင် အင်တာနက် တရားဝင် တပ်ဆင်ခွင့် ရပြီဟု သူ၏ လုံခြုံရေးအရာရှိ ဦးဝင်းထိန်က ကျိုဒို သတင်းဌာနကို ယနေ့ ပြောသည်။

အစိုးရ၏ အင်တာနက်ဌာန ရတနာပုံ တယ်လီပို့ ၀န်ထမ်းများက နေအိမ်သို့ လာရောက်ပြီး တပ်ဆင်ပေးခြင်းဖြစ်သည်ဟု ဆိုသည်။

မကြာသေးမီက ပေါ်ပေါက်လာသည့် ဆက်သွယ်ရေးဌာန၏ နောက်ဆုံးပေါ် အင်တာနက်လိုင်း ''McWill'' (MULTI Carrier Wireless Local Loop) ဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်အိမ်တွင် တပ်ဆင်သည့် အင်တာနက်လိုင်း နံပတ်မှာ ၀၀၀၀၁ ဖြစ်ကြောင်း၊ ထိုနံပါပတ်ကြောင့် McWill အင်တာနက်ကို ပထမဆုံး တပ်ဆင်ခွင့် ရသူမှာ ဒေါ်အောင်ဆန်းစုကြည်ဖြစ်သည်ဟု အဓိပ္ပာယ် ရကြောင်း ဦးဝင်းထိန်က ပြောသည်။


ဒေါ်အောင်ဆန်းစုကြည် အင်တာနက် စမ်းသပ် သုံးစွဲခြင်း ရှိမရှိ မေးမြန်းရာ ယခု ချောင်းဆိုးသဖြင့် နေထိုင်မကောင်းကြောင်း၊ သက်သာလာမှ သုံးမည် ဖြစ်ကြောင်း ဦးဝင်းထိန်က ဖြေကြားသည်။

ပြီးခဲ့သည့်နှစ်က ထိန်းသိမ်းခံရမှုမှ ပြန်လွတ်လာစဉ် အင်တာနက် သုံးခွင့် လျှောက်လွှာတင်ခဲ့သော်လည်း စက်ပိုင်းဆိုင်ရာ အကြောင်းပြချက်ဖြင့် ငြင်းပယ်ခံရသည်။

McWill အင်တာနက်လိုင်းအတွက် ၆ သိန်း ၁ သောင်း (ဒေါ်လာ ၇၂၀ ခန့်) ပေးသွင်းရသည်။ တနာရီအသုံးပြုခ ဒဿမ ၅ ဒေါ်လာခန့် ကျသင့်သည်ဟု ဆိုသည်။


http://moemaka.com/index.php?option=com_content&task=view&id=8063&Itemid=1

ReadMore-2.jpg

Wednesday, 19 January 2011

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်မှု ကိုမင်းကိုနိုင် ကြိုဆို

ရန်ပိုင် Wednesday, 19 January 2011

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာခြင်းကို ထောင်ဒဏ် ၆၅ နှစ် ကျခံနေရသည့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် က ကြိုဆိုကြောင်း ပြောဆိုလိုက်သည်ဟု မကြာသေးမီက သွားရောက်တွေ့ဆုံခဲ့သည့် မိသားစုဝင်က ပြောသည်။



၂၀၀၇ ခုနှစ် သြဂုတ်လ လောင်စာဆီ ဈေးနှုန်း ကျဆင်းရေး လမ်းလျှောက် ဆန္ဒပြ ကာလ အတွင်း က တခြားသော ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်များနှင့်အတူ တွေ့ရသည့် ကိုမင်းကိုနိုင်





အစ်မဖြစ်သူ ဒေါ်ကြည်ကြည်ညွန့်က“လက်ရှိ နိုင်ငံရေး အခြေအနေတွေကို သူသိတယ်၊ ဒေါ်စုလွတ်လာတာကို ကြိုဆိုတယ်၊ အား လုံး အတွက် ၀မ်းသာတယ်လို့ ပြောတယ်”ဟု ဆိုသည်။

ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံထောင်ရှိ ကိုမင်းကိုနိုင်အား ပြီးခဲ့သည့် သောကြာနေ့က သွားရောက်တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

လက်ရှိ အခြေအနေမှာ အအေးဓာတ် ပိုမိုလွန်ကဲမှုကြောင့် ခြေလက်အရိုးအဆစ်များ ကိုက်ခဲခြင်း ဝေဒနာကို ပြင်းထန်စွာခံစားရပြီး မိသားစုမှ ဆေးဝါးနှင့် စောင်များ ပိုမိုပေးအပ်ခဲ့ရကြောင်း၊ ထောင်အာဏာပိုင်များက ရာသီဥတုဆိုးရွားမှုနှင့် ပတ်သက်၍ မည်သည့် ကာကွယ်စောင့်ရှောက်မှုကိုမှ မပေးကြောင်း ၎င်းက ဆက်လက်ပြောပြသည်။

ကိုမင်းကိုနိုင်သည် ၁၉၈၉ ခုနှစ် ပထမအကြိမ် စစ်တွေထောင်၌ ထောင်ဒဏ် ၁၆ နှစ် ကျခံခဲ့ရစဉ်က ရရှိခဲ့သည့် အရိုးကျီးပေါင်း တက်သည့် ရောဂါကိုလည်း ခံစားနေရကြောင်း သိရသည်။

ကျိုင်းတုံထောင်တွင် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၊ မြန်မာနေးရှင်း ဂျာနယ်မှ ကိုစိန်ဝင်းမောင်၊ ဆရာတော် ဦးဣဿရိယ အပါအ၀င် နိုင်ငံရေး အကျဉ်းသား ၇ ဦးရှိသည်ဟု ဒေါ်ကြည်ကြည်ညွန့်က ပြောသည်။

ယခင်က ကိုမင်းကိုနိုင်အပါအ၀င် နိုင်ငံရေး အကျဉ်းသားများကို ထောင်ပရိဝုဏ် ကျဉ်းမြောင်းသည်ဟူသော အကြောင်းပြချက်ဖြင့် လမ်းလျှောက်ခွင့် ပိတ်ပင်ထားသော်လည်း ယခုအခါတွင် လမ်းလျှောက်ခွင့်ပေးကြောင်းလည်း ၎င်းကဆိုသည်။

“အခုတော့ သုံးယောက်တတွဲ လေးယောက်တတွဲ ည၊ မနက် အချိန်ခွဲပြီး လျှောက်ခွင့်၊ လေ့ကျင့်ခန်းလုပ်ခွင့်ပေးတယ်”ဟု ဒေါ်ကြည်ကြည်ညွန့်က ပြောပြသည်။

ကျိုင်းတုံထောင်မှာ ဝေးလံသည့် အတွက် ကိုမင်းကိုနိုင်၏ မိသားစုမှာ သုံးလတကြိမ်သာ ထောင်ဝင်စာ သွားရောက်တွေ့နိုင်သည်။

ကိုမင်းကိုနိုင် အပါအ၀င် ကိုကိုကြီး၊ ကိုဌေးကြွယ်၊ ကိုဂျင်မီ၊ ကိုမြအေး၊ ကိုမင်းဇေယျာ၊ ကိုပဏ္ဍိတ်ထွန်း စသည့် ကျောင်းသား ခေါင်း ဆောင် ၁၅ ဦးကို စစ်အစိုးရက ၂၀၀၇ ခုနှစ် သြဂုတ်လအတွင်း လောင်စာဆီနှင့် ကုန်ဈေးနှုန်း ကျဆင်းရေး လမ်းလျှောက် ဆန္ဒပြ ခဲ့ သည့်အတွက် ထောင်ဒဏ် ၆၅ နှစ်ဆီ အသီးသီးချမှတ်ပြီး နယ်ဝေးထောင်များသို့ ပို့ခဲ့သည်။

ထို့အတူ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တဦးဖြစ်သည့် ကိုကိုကြီးမှာလည်း ရှမ်းပြည်နယ် အရှေ့ပိုင်းမိုင်းဆတ်ထောင်သို့ ပို့ဆောင်ခြင်းခံရပြီး မိသားစု သွားရောက်မတွေ့ဆုံနိုင်သည်မှာ ၂ နှစ်ကျော် ရှိပြီ ဖြစ်သည်ဟု ညီဖြစ်သူ ကိုအောင်ထွန်းက ဧရာဝတီ သို့ပြောသည်။

“လူချင်းမတွေ့ရတာ ကြာပြီ၊ အအေးလှိုင်း ခဏခဏ ဖြတ်တယ်ဆိုတော့ စိုးရိမ်တယ်၊ ဒီနေ့ပဲ အနွေးထည်နဲ့ စားစရာ ဆေးဝါး ပါ ဆယ် ပို့လိုက်တယ်”ဟု ၎င်းကဆိုသည်။

ကိုကိုကြီးသည် အသည်းရောဂါ၊ အစာအိမ် ရောဂါများကို ခံစားနေရပြီး ယင်းရောဂါများ ပျောက်ကင်းရန် ဝေးလံခေါင်သီသည့် ဒေ သ များတွင် ကုသ၍ မဖြစ်နိုင်ကြောင်းလည်း ကိုအောင်ထွန်းက ဆက်လက်ပြောသည်။

ပြီးခဲ့သည်နှစ်က ဖောက်ခွဲရေးပစ္စည်းများ တွေ့ရှိသည်ဟု စွပ်စွဲချက်ဖြင့် ကလေးထောင်တွင် ထောင်ဒဏ် ၈ နှစ် ပြစ်ဒဏ် ကျ ခံနေရ သည့် မှော်ဘီမြို့နယ်မှ ကိုနိုင်လင်းသည်လည်း သွေးအားနည်းသည့် ရောဂါကြောင့် သွေးသွင်းရကြောင်း မကြာသေးခင် ရက်ပိုင်း က သွားရောက်တွေ့ဆုံခဲ့သည့် ဖခင် ဦးခင်မောင်ဝင်းက ပြောသည်။

ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာပြီး နောက် နိုင်ငံရေး အကျဉ်းသားမိသား စုများနှင့် ၂ ကြိမ်တိုင်တိုင် တွေ့ဆုံ အားပေးခဲ့သည်။

မြန်မာနိုင်ငံတွင် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသည့် နိုင်ငံရေး အကျဉ်းသားပေါင်း ၂၁၈၉ ဦးရှိကြောင်း၊ ပြီးခဲ့သည့် ဒီဇင်ဘာလ အထိ လွတ်မြောက်လာသူ နိုင်ငံရေး အကျဉ်းသား ၁၆ ဦးရှိသည်ဟု နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း(AAPP) မှ ကြေညာချက် ထုတ်ပြန်ထားသည်။

http://www.bur.irrawaddy.org/index.php/news/5512-2011-01-19-10-01-35

ReadMore-2.jpg

ဒေါ်စုနဲ့အတူ မြန်မာ့အရေး ဆောင်ရွက်ဖို့ ၀န်ကြီး ကလင်တန် ကတိပြု

ဗွီအိုအေ (မြန်မာဌာန) ဗုဒ္ဓဟူး, 19 ဇန်နဝါရီ 2011

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) က မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဗုဒ္ဓဟူးနေ့က တယ်လီဖုန်းဆက်ပြီး မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ဒီမိုကရေစီ ရရှိဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကြိုးပမ်း အားထုတ်နေမှုကို အမေရိကန်နိုင်ငံက ထောက်ခံ အားပေးတဲ့အကြောင်း ထပ်လောင်း ပြောဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၁၃ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က လွတ်မြောက်ခဲ့တဲ့ အချိန်ကစလို့ ဒီ တယ်လီဖုန်း ဆက်သွယ်မှုဟာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကလင်တန်နဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ ၂ ဦးကြား ပထမဆုံး တိုက်ရိုက် စကားပြောဆို ဆက်သွယ်မှု ဖြစ်ပါတယ်။ နိုင်ငံခြားရေးဝန်ကြီး ကလင်တန်က ဒီဇင်ဘာလ အစောပိုင်းကတော့ ဒေါ်အောင်ဆန်းစုကြည်ကို စာရေးသား ပေးပို့ခဲ့ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးရဲ့ တယ်လီဖုန်း ဆက်သွယ်မှုကို နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ပီ.ဂျေ ခရော်လီ (P.J Crowley) က Twitter လူမှုဆက်သွယ်ရေး အင်တာနက် စာမျက်နှာပေါ်မှာ သတင်းထောက်တွေကို ပထမဆုံး ထုတ်ဖော် ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံခြားရေးဝန်ကြီး ကလင်တန်က ဒေါ်အောင်ဆန်းစုကြည်ကို ဒီနေ့ တယ်လီဖုန်းနဲ့ ဆက်သွယ်ပြီး မြန်မာနိုင်ငံမှာ ဒီမိုကရေစီအရေး တိုးတက်ဖို့နဲ့ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေ ပိုပြီး ခိုင်မာ အားကောင်းလာအောင် ဆောင်ရွက်ဖို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ လက်တွဲ ဆောင်ရွက်ဖို့ အမေရိကန်နိုင်ငံ အနေနဲ့ ကတိပြုလိုက်ပါတယ်လို့ အဲဒီအရာရှိကြီးက ပြောပါတယ်။

အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန အဆင့်မြင့် အရာရှိကြီး တဦးက ဗွီအိုအေနဲ့ ပြောဆိုရာမှာ ၁၀ မိနစ်ခန့်ကြာတဲ့ အဲဒီ တယ်လီဖုန်း ပြောဆိုမှုဟာ ဒီဇင်ဘာလက နိုင်ငံခြားရေးဝန်ကြီးရဲ့ စာရေးသား ဆက်သွယ်မှုနဲ့ ပြီးခဲ့တဲ့လက အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဂျိုးဇက် ယွန်း (Joseph Yun) က ဒေါ်အောင်ဆန်းစုကြည်ထံ သွားရောက်ခဲ့တဲ့ တွေ့ဆုံမှုအပြီး နောက်ဆက်တွဲ ဆောင်ရွက်ချက် ဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာရှိတဲ့ အမေရိကန်သံရုံး သံတမန်တွေနဲ့ မြန်မာနိုင်ငံကို သွားရောက်မယ့် အမေရိကန် ပြည်ထောင်စုရဲ့ တခြား အဆင့်မြင့် အစိုးရ အရာရှိတွေ ဒေါ်အောင်ဆန်းစုကြည်နဲ့ နောက်ဆက်တွဲ တွေ့ဆုံမှုတွေ ရှိမှာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ရှေ့ကိုတိုးပြီး လုပ်ငန်း ဆောင်ရွက်နိုင်ဖို့ ကူညီပေးနိုင်မယ့် နည်းလမ်းတွေကို ရှာဖွေမယ်လို့ အမေရိကန် ပြည်ထောင်စုက ဆုံးဖြတ်ချက် ချထားပါတယ်လို့ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က ပြောဆိုတဲ့အကြောင်း အဲဒီ အဆင့်မြင့် အရာရှိက ပြောပါတယ်။

တဆက်တည်းမှာပဲ ဒေါ်အောင်ဆန်းစုကြည်က သူမရဲ့ လက်ရှိ အနေအထားနဲ့ ဆောင်ရွက်ချက်တွေကို ၀န်ကြီး ကလင်တန်နဲ့ ဆွေးနွေးခဲ့ပြီး အသေးစိတ်ကိုတော့ သူ့အနေနဲ့ ပြောဆိုမှာ မဟုတ်ဘူးလို့ အမေရိကန် အဆင့်မြင့် အရာရှိကြီးက ပြောဆိုလိုက်ပါတယ်။


http://www.voanews.com/burmese/news/clinton-dassk-114243429.html

ReadMore-2.jpg

လွတ်ငြိမ်းချမ်းသာခွင့် အန်ဒီအက်ဖ် ဦးစားပေး

ချင်းမိုင် (မဇ္ဈိမ)။ ။ နိုင်ငံရေးအကျဉ်းသား ၂၂ဝဝ နီးပါးလွတ်မြောက်ရေးအတွက် အစိုးရသစ်အနေဖြင့် လွတ်ငြိမ်းချမ်းသာခွင့်အမိန့် ထုတ်ပြန်ပေးရန် ဇန်နဝါရီလ ၃၁ ရက်နေ့တွင်ကျင်းပမည့် လွှတ်တော် အစည်းအဝေးပွဲတွင် ပထမဦးစားပေးအနေဖြင့် တင်ပြသွားမည်ဟု အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ၏ (NDF) လွှတ်တော်ရေးရာကော်မတီဝင် ဦးခင်မောင်ဆွေက ပြောသည်။

“နိုင်ငံတခုအပြောင်းအလဲ ဖြစ်တဲ့အခါမှာ နိုင်ငံရေး အကျဉ်းသားတွေကို ဦးစွာလွှတ်ပေးသင့်တယ်လို့ ကျနော်တို့ ယူဆပါတယ်။ တိုင်းပြည်ရဲ့ဂုဏ်သိက္ခာ နောက်တက်လာမယ့် သမ္မတရဲ့ဂုဏ်သိက္ခာကို ထောက်ရှုပြီးတော့ လွှတ်ငြိမ်းချမ်းသာခွင့် အမိန့်ကို ထုတ်ပြန်လိမ့်မယ်လို့ ကျနော်တို့ ပြတ်ပြတ်သားသားကို ယုံကြည်ပါတယ်” ဟု ဦးခင်မောင်ဆွေက ပြောသည်။

မြန်မာနိုင်ငံတွင် အကျဉ်းထောင်များအတွင်း အကျဉ်းကျခံနေရသူ နိုင်ငံရေး အကျဉ်းသားပေါင်း ၂၁၇၈ ယောက် ရှိသည်ဟု ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) အေအေပီပီ က ပြောသည်။

“လွှတ်တော်ထဲမှာကော လွှတ်တော်ပြင်ပမှာကော ဒါမျိုးတွေကတော့ အမြဲတမ်းပြောဆိုနေရမယ့် ကိစ္စပဲဖြစ်တယ်။ အနိုင်ရပါတီပဲဖြစ်ဖြစ် မရတဲ့ပါတီပဲဖြစ်ဖြစ် အကုန်လုံးက ဒီကိစ္စကို မဖြစ်မနေ တစိုက်မတ်မတ် လုပ်နေရမယ့် ကိစ္စဖြစ်တယ်လို့ ကျနော်တို့ကတော့ အဲဒီလိုထင်ပါတယ်” ဟု အေအေပီပီ အတွင်းရေးမှူး ဦးတိတ်နိုင်က ဆိုသည်။

မြန်မာနိုင်ငံတွင် အတိုက်အခံနိုင်ငံရေးသမားများကို ထောင်ချနိုင်ရန် အငြင်းပွားဖွယ် ဥပဒေများ ရှိနေဆဲဟု ဝေဖန်သူများက ပြောသည်။ ၁၉၅ဝ ပြည့်နှစ် အရေးပေါ် စီမံမှုအက်ဥပဒေ၊ နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီးမည့်သူများ၏ ဘေးအန္တရာယ်မှ အကာအကွယ်ပေးရေး အက်ဥပဒေ စသည်တို့မှာ ဖိနှိပ်ရေးအတွက် လက်နက်များဖြစ်သောကြောင့် လွတ်တော်ထဲတွင် ဝင်ရောက်ဆွေးနွေးကြမည့် လွှတ်တော် ထိုဥပဒေများကို ဖျက်သိမ်းဖို့ လိုအပ်ကြောင်း ပြည်ပအခြေစိုက် မြန်မာနိုင်ငံ ရှေ့နေများကောင်စီဥက္ကဋ္ဌ ဦးသိန်းဦးက ပြောသည်။

“ဒီလိုဥပဒေတွေက နိုင်ငံရေး လှုပ်ရှားသူတွေကို ဖမ်းနိုင်ဖို့ သီးသန့်လုပ်ထားတဲ့ ဥပဒေတွေ ဖြစ်တယ်။ အဲဒီ ဥပဒေတွေ ဖျက်သိမ်းလိုက်မယ်ဆိုရင်တော့ အဲဒီ ဥပဒေနဲ့ ဖမ်းလို့မရတော့ဘူး၊ လွှတ်တော်တွင်းကနေ တိုက်တဲ့ ပုဂ္ဂိုလ်တွေကတော့ ဘာပဲပြောပြော ဥပဒေနဲ့ညီတဲ့ လုပ်ဆောင်ချက်တွေ လုပ်နိုင်တဲ့အတွက်ကြောင့် အဲဒီအခွင့်အရေးကို ထိထိရောက်ရောက် အသုံးချပြီးတော့ အသုံးပြုစေချင်ပါတယ်” ဟု ဦးသိန်းဦးက ဆိုသည်။

နိုင်ငံရေးအကျဉ်းသားများတွင် တိုင်းရင်းသားခေါင်းဆောင်များ၊ နိုင်ငံရေးပါတီများမှ ပါတီဝင်များသာမက ရဟန်းသံဃာတော် ၂၅၅ ပါလည်း အပါအဝင်ဖြစ်သည်။ သာသနာ့ဥသျှောင် အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များ အဖွဲ့ချုပ်မှ ဦးဇဝနကလည်း နိုင်ငံရေးအကျဉ်းသားများကို ပြန်လည်လွှတ်ပေးခြင်းဖြင့် မြန်မာနိုင်ငံ ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေးအတွက် လမ်းစဖြစ်နိုင်သည်ဟု ဆိုသည်။

“ကျန်းမာရေး စောင့်ရှောက်မှုဟာ အင်မတန်မှ အားနည်းတယ် အစိုးရဟာ တမင်ကို ရည်ရွယ်ချက်ရှိရှိ သတ်သလိုဖြစ်နေတယ်။ သူတို့တွေကို အမြန်ဆုံးလွှတ်ခြင်းအားဖြင့် အစိုးရအနေနဲ့လည်း ဂုဏ်သိက္ခာရှိမယ်။ မြန်မာနိုင်ငံဒီမိုကရေစီ ရရှိရေနဲ့ လူ့အခွင့်အရေးအတွက်လည်း လမ်းစတွေ ဖြစ်မယ်။ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးရေးဆန္ဒဟာ ဦဇင်းမှာ ပြင်းပြင်းပြပြကို ဖြစ်နေတယ်” ဟုဆိုသည်။ ဦးဇဝနသည် နိုင်ငံရေး ယုံကြည်ချက်ကြောင့် ၁၅ နှစ် ထောင်ဒဏ် ကျခံခဲ့ရဖူးသည်။

အခြားသော စစ်အစိုးရဆန့်ကျင့်သော သံဃာအဖွဲ့တခုဖြစ်သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုမှ ဦးကုဿရိယကလည်း ၂ဝဝ၇ ခုနှစ်နောက်ပိုင်းတွင် နိုင်ငံရေးအကျဉ်းသား ရဟန်းသံဃာတော်များ လွတ်မြောက်ရေးအတွက် နိုင်ငံတကာသို့ ထိထိရောက်ရောက် တောင်းဆိုတင်ပြခြင်းများ မရှိသည့်အပေါ် ဝေဖန်လိုက်သည်။

သို့သော် မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုမှ ကမကထပြုပြီး ပြည်တွင်းမှ သံဃာတော်များ အမေရိကန်၊ အိန္ဒိယ၊ သိရိလင်္ကာ နိုင်ငံများမှ ရဟန်းသံဃာတော်များနှင့် နိုင်ငံခြားသားများ လက်မှတ် ရေးထိုးစေပြီး ရဟန်းသံဃာများ လွတ်မြောက်ရေးအတွက် ဥရောပသမဂ္ဂ၊ ကမ္ဘာ့ကုလသမဂ္ဂနှင့် အရှေ့တောင်အာရှ နိုင်ငံများ အသင်းတို့ထံ တင်ပြတောင်းဆိုရန် ယခုလ ၆ ရက်နေ့က လက်မှတ်များစတင် ကောက်ခံနေသည်ဟု မဇ္စျိမကို အမိန့်ရှိသည်။

အေအေပီပီက ထုတ်ပြန်သည့် ၂ဝ၁ဝ ခုနှစ် ဒီဇင်ဘာလ မြန်မာနိုင်ငံအတွင်း နိုင်ငံရေး အကျဉ်းသားများ၏ အခြေအနေကို ပြထားသည့် စာရင်း -



ဒီမိုကရေစီရေး လှုပ်ရှားသူများကို ပြစ်ဒဏ်ပေးရာတွင် သုံးစွဲနေသည့် ဥပဒေပုဒ်မများ




http://mizzimaburmese.com/news/inside-burma/6740-2011-01-18-15-17-23.html

ReadMore-2.jpg

Wednesday, 17 November 2010

အကျဉ်းကျ တိုင်းရင်းသားခေါင်းဆောင် လွတ်မြောက်ရေး ဦးစားပေး စဉ်းစားနေဟု ဒေါ်အောင်ဆန်းစုကြည် ပြော

ယခုလ ၁၃ ရက်နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာသည့် ဒေါ်အောင်ဆန်းစုကြည်အား ယမန်နေ့က UNA တိုင်းရင်းသားခေါင်းဆောင်များ သွားရောက်တွေ့ဆုံ နှုတ်ဆက်ကြကြောင်း သိရသည်။

“ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတာ ကျနော်တို့ အရမ်းဘဲဝမ်းမြောက်ဝမ်းသာဖြစ်ပါတယ်။ ဒေါ်စု ကိုယ်တိုင်ကလဲ တိုင်းရင်းသားခေါင်းဆောင်တွေဖြစ်တဲ့ သျှမ်းတိုင်းရင်း သားများဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ခွန်ထွန်းဦး၊အတွင်းရေးမှူး စိုင်းညွန့်လွင် အပါအ၀င် နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖို့ ဦးစားပေးစဉ်း စားနေတယ်လို့ ပြောတယ် ” - ဟု SNLD အတွင်းရေးမှူးအဖွဲ့ဝင် ဦးစိုင်းတင်လှိုင်က ပြောပါသည်။
ခွန်ထွန်းဦး နှင့် ဒေါ်အောင်ဆန်းစုကြည်
(ဓါတ်ပုံ ashin-htavara.blogspot.com)


နိုဝင်ဘာ ၁၆ ရက် မွန်းလွဲ ၁ နာရီမှ ၂း၃၀ အထိ ရွှေဂုံတိုင် အမျိုးသားဒီမိုကရေစီ ရုံးချုပ်၌ UNA အဖွဲ့ ၀င် တိုင်း ရင်းသားခေါင်းဆောင်များဖြစ်သည့် ဦးပူကျင့်ရှင်းထန်(ချင်း)၊ ဦးထောင်ဂိုထန်း(ချင်း)၊ ဦးစော ဟယ်ရီ (ကရင်)၊ မွန်ခေါင်းဆောင်ဖြစ်သည့် နိုင်ထွန်းသိန်း၊ နိုင်ငွေသိန်းအပြင် ရခိုင်ခေါင်းဆောင် တဦး နှင့်အတူ သျှမ်းတိုင်းရင်း သားများဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူးအဖွဲ့ဝင် စိုင်းရွှေကြူး နှင့် စိုင်းတင်လှိုင် တို့ ပါဝင်သည်ဟု သိရှိရပါ သည်။

“ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ဦးဝင်းတင်၊ ဦးတင်ဦး၊ ဦးသန်းထွန်းနဲ့ ဦးလှဖေတို့ပါတယ်။ အဓိက တော့ ကလေးမြို့ ကြေငြာစာတမ်းအရ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၂၁ ရာစု ပင်လုံဆီသွားဖို့ ပဏာမ လက်ခံထားတယ် လေ၊ နောက်ပြီး လူထုတိုင်းက ပင်လုံစိတ်ဓါတ် ဆိုတာ နားမလည်သေးဘူး၊ ဝေါ့ရှော့ပ့် သဘောမျိုး ဒေါ်အောင် ဆန်းစုကြည် လုပ်ချင်တယ်” - ဟု ဆက်၍ ပြောပြပါသည်။

ထို့အတူ ၂၁ ရာစု ပင်လုံညီလာခံအကောင်အထည် စတင်ဖေါ်ဆောင်ရန် ၀ါရင့်နိုင်ငံရေးသမားများနှင့် တိုင်ပင် ဆွေး နွေးနေကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်းခေတ်က လူကိုယ်တိုင် စုံညီတက်ရောက်သည့် ညီလာခံမျိုး မဟုတ် ရင်တောင်မှ IT ခေတ် နှင့်အညီ လုပ်သွားဖွယ်ရှိကြောင်း ပြောပါသည်။

UNA ခေါ် ညီညွတ်သောတိုင်းရင်းသားမဟာမိတ်အဖွဲ့သည် ၁၉၉၀ ရွေးကောက်ပွဲမှ လူထုထောက်ခံအားပေး မှုရခဲ့သည့် တိုင်းရင်းသားနိုင်ငံရေးပါတီ ၁၃ ခု ပါဝင် ဖွဲ့စည်းထားပါသည်။

http://www.mongloi.org/burmese/2008-08-01-03-22-02/85-2008-08-01-03-14-40/1270-2010-11-17-08-15-14

ReadMore-2.jpg

မြဝတီမြို့မှာ ဟမ်းဖုန်းပြောသူတွေကို လိုက်ဖမ်းနေ

ပြီးခဲ့ နိုဝင်ဘာလ ၈ ရက်နေ့က စတင်တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီ နအဖနဲ့ ဒီကေဘီအေ တို့ရဲ့ နှစ်ဘက်ပစ်ခတ်မှုတွေကြောင့် မြဝတီမြို့ တချို့နေရာတွေ မီးလောင်ခဲ့ပါတယ်။

ခုချိန်အထိ မြဝတီမြို့မှာ မီးလောင်ခံထားရတဲ့ မီးသင့်ပစ္စည်းတွေကိုး သိမ်းဆည်းခြင်း မရှိ သေးပါဘူး။ မိုက်တီးအိတ်ကား ၂ စီး၊ ဆပ်ဖ်ကား ၁ စီး မီးလောင်ကျွမ်းထားတာကိုလည်း ခုချိန်ထိ မြင်တွေ့နေရတုန်း ဖြစ်ပါတယ်။

ယနေ့ ၁၇ ရက်နေ့ မြဝတီမြို့ထဲမှာ ဟမ်းဖုန်းနဲ့ ဆက်သွယ်ပြောဆိုနေသူတွေကိုလည်း လိုက်လံဖမ်းဆီးနေတယ်လို့လည်း သိရှိရပါတယ်။ မြို့ထဲမှာ အမြဲတမ်းကြားနေရတာ တော့ ညဘက် လာပစ်မယ်၊ ညဘက်လာပစ်မယ်နဲ့ ကောလဟာလ သတင်းများကို အမြဲလိုလို ကြားနေရတယ်လို့ မြို့ခံတဦးက ပြောပြပါတယ်။

http://www.naytthit.net/?p=4162

ReadMore-2.jpg

Tuesday, 16 November 2010

ဒေါ်အောင်ဆန်းစုကြည် လူငယ်များနှင့် တွေ့ဆုံမည်

ချင်းမိုင်(မဇ္စျိမ) ။ ။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်က တိုင်းနှင့်ပြည်နယ်အသီးသီးမှ လူငယ်များကိုခေါ်ယူပြီး တွေ့ဆုံဆွေးနွေးမှုတခု ကျင်းပပြုလုပ်ရန် လုပ်ငန်းဖော်ဆောင်ရေး လူငယ်ခေါင်းဆောင်များအား ယနေ့ညွန်ကြားခဲ့ကြောင်း သိရသည်။

ပါတီလူငယ်တာဝန်ခံလည်းဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်က ယနေ့မွန်းလွဲ ၁ နာရီတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ရုံးသို့ရောက်ရှိလာပြီး တိုင်းနှင့်ပြည်နယ်အသီးသီးမှ လူငယ်အကူအညီပေးရေး အဖွဲ့များနှင့် နိုဝင်ဘာ ၂၂ ရက်နေ့တွင် တွေ့ဆုံဆွေးနွေးနိုင်ရန် ညွန်ကြားခဲ့သည်။

ရန်ကုန်တိုင်း ဗဟိုလူငယ်လုပ်ငန်းဖော်ဆောင်ရေးမှ ကိုအေးထွန်း၊ ကိုမြင့်ဌေး၊ ကိုမျိုးညွန့်၊ ကိုဘမောင်၊ မန္တလေးတိုင်းမှ ကိုလှဦး၊ စစ်ကိုင်းတိုင်းမှ ကိုဌေးငွေ၊ တနင်္သာရီတိုင်းမှ ကိုအောင်စိုး၊ ကချင်ပြည်နယ်မှ ကိုသင်းဇော်နှင့် ဗဟိုကော်မတီအဖွဲ့ဝင် မဖြူဖြူသင်းတို့နှင့် နာရီဝက်ကြာ တွေ့ဆုံစဉ် ညွန်ကြားခဲ့ခြင်း ဖြစ်သည်။

“လူငယ်တွေအပေါ်မှာထားတဲ့ အန်တီ့ သဘောထားတွေ သေသေချာချာ မြင်လိုက်ရတယ်။ လူငယ်ထုအားလုံး ပါဝင်လာမှုအတွက်ကိုလည်း စိတ်အားထက်တန်မှု ရှိတယ်။ လူငယ်တာဝန်ခံ မရှိတဲ့အချိန်မှာ ဆုံးဖြတ်ချက် ချရတာ အခက်အခဲရှိခဲ့တယ်။ လုပ်ရကိုင်ရတာ ပွင့်လင်းမှုမရှိဘူး။ လွတ်လပ်မှု မရှိတာတွေ ဖြစ်ခဲ့တာတွေရှိတယ်”ဟု NLD ဗဟိုကော်မတီအဖွဲ့ဝင်လည်းဖြစ်၊ ဗဟိုလူငယ်ဖော်ဆောင်ရေးအဖွဲ့ဝင် တဦးလည်းဖြစ်သူ မဖြူဖြူသင်းက မဇ္စျိမကိုပြောသည်။

အသက် ၁၈ နှစ်အထက်မှ ၃၅ နှစ်အောက် လူငယ်များ သာမက အသက် ၁၂ နှစ် အထက် လူငယ်များကိုလည်း စုစည်းနိုင်ရန် ညွန်ကြားခဲ့သည်ဟု မဖြူဖြူသင်းကဆိုသည်။

မြန်မာတနိုင်ငံလုံးတွင် ဗဟိုလူငယ်လုပ်ငန်းဖော်ဆောင်ရေး အဖွဲ့ဝင် တိုင်းနှင့်ပြည်နယ် အသီးသီးမှ လူငယ် ခေါင်းဆောင် ၈ ဦးရှိပြီး ယင်းတို့မှတဆင့် လူငယ်အကူအညီပေးရေး ခေါင်းဆောင် ၁၄ ဦးကိုလည်း ဖွဲ့စည်းထားပြီး ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ညွန်ကြားချက်အရ လာမည့် နိုဝင်ဘာလ ၂၂ ရက်နေ့တွင် တိုင်းနှင့် ပြည်နယ် အသီးသီးမှ လူငယ်များနှင့်စည်းဝေးပွဲ ကျင်းပရန် စီစဉ်မည်ဖြစ်ကြောင်း ယနေ့တွေ့ဆုံမှုတွင် ပါဝင်သူ လူငယ်လုပ်ငန်း ဖော်ဆောင်ရေးမှ လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေးတာဝန်ခံ ကိုဘမောင်က ပြောသည်။

“အခုလောလောဆယ် လူငယ်တွေနဲ့ တွေ့ဆုံပြောတယ်။ ကျနော်တို့အနေနဲ့တွေ့ဆုံရတာ ထိပ်တိုက်တွေ့ဆုံရတာ ဝမ်းသာတယ်။ အန်တီလုပ်ဆောင်မဲ့ အပေါ်မှာ ကျနော်တို့ နောက်ကနေ ဆောင်ရွက်သွားမှာပါ”ဟု မဇ္စျိမကို ပြောသည်။

တိုင်းနှင့် ပြည်နယ် အသီးသီးမှ လူငယ်အကူအညီပေးရေး တာဝန်ခံများကို လာမည့် နိုဝင်ဘာ ၂၂ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံပွဲသို့ တက်ရောက်ရန် အကြောင်းကြားထားပြီး ဖြစ်ကြောင်း လူငယ်လုပ်ငန်းဖော်ဆောင်ရေးမှ တတိယတာဝန်ခံ ကိုအေးထွန်းက ပြောသည်။

ယခုနှစ် မတ်လမှ စတင်၍ NLD လူငယ်များ တိုးချဲ့ဖွဲ့စည်းခဲ့ရာ တနိုင်ငံလုံးမှမြို့နယ်များတွင် လူငယ်လုပ်ငန်း ဖော်ဆောင်ရေးအဖွဲ့များကို ဖွဲ့စည်းနိုင်ပြီး ဖြစ်ကြောင်း သိရသည်။

မနက်ဖြန် နေ့လည် ၂ နာရီတွင် ဒေါ်အောင်ဆန်းစုကြည်သည် တောင်ဒဂုံမြို့နယ်ရှိ အိတ်ခ်ျ်အိုင်ဗီ -အေအိုင်ဒီအက်စ် ဝေဒနာရှင်များ နေထိုင်ရာ နေအိမ်သို့ သွားရောက် တွေ့ဆုံမည် အားပေးမည် ဖြစ်ကြောင်း မဖြူဖြူသင်းက ပြောပြခဲ့သည်။


ReadMore-2.jpg

Wednesday, 3 November 2010

လမ်းပြရွာသားအား နအဖစစ်သား ပစ်သတ်မီးရှို့

Wednesday, 03 November 2010 17:17 သျှမ်းသံတော်ဆင့်
သျှမ်းပြည်အလယ်ပိုင်း မိုင်းနောင်အခြေစိုက် ခလရ ၂၈၆ မှ စစ်ကြောင်းတခု မြောက်ပိုင်း သျှမ်းပြည် တပ်မတော်မှ တပ် သားတဦးအား ပစ်သတ်ပြီးနောက်ပိုင်း လမ်းပြရွာသားအား ပစ်သတ် လိုက်ကြောင်းစုံစမ်း သိရှိရသည်။

ပြီးခဲ့သည့်တနင်္ဂနွေနေ့ အောက်တိုဘာလ ၃၁ ရက်က မိုင်းနောင်အခြေစိုက် ခလရ ၂၈၆ ဒုဗိုလ်မှူးကြီး မျိုးထွန်း ဦးဆောင် သည့် အင်အား ၆၀ ခန့်ပါ နအဖတပ်ဖွဲ့တဖွဲ့ မိုင်းနန်းအရှေ့မြောက်ဘက် ၀မ့်မလန်းရွာမှ ၀မ့်ဇတ်အုပ်စု ၀မ့်ခုန့်လုံအသွား လမ်း၌ ၀မ့်ဇတ်တိုက်နယ် ၀မ့်ကုန်းရွာသား စိုင်းထွန်းတို့ဇနီမောင်နှံနှင့် တွေ့ ဆုံရာ လမ်းပြအဖြစ် ပေါ် တာဆွဲ သွားသည်ဟု မိုင်းနန်းဒေသခံတဦးကပြောပြ၏။

[ဆွေမျိုးများပေးပို့သော ပစ်သတ်ခံရသူ စိုင်းထွန်း၏ပုံ]
“စိုင်းထွန်းရဲ့ရင်ဝကို သေနတ်တေ့ပြီး ၀မ့်ကုန်းဖက်ပြန်သွားဖို့လမ်းပြခိုင်းတာ။ ၀မ့်ကုန်းရွာအ၀င် SSA မြောက်ပိုင်း စစ် ဒေသ ၇၂ လက်အောက်ခံ တပ်ရင်းမှူး ဗိုလ်ကြီးထိုးမိန်း ဦးဆောင်တဲ့ တပ်ရင်း ၁ ထဲက ( ရွာကနေ တပ်စခန်းအပြန်) တပ်သား တယောက်နဲ့တွေ့တော့ ပစ်သတ်လိုက်တယ်။ M 22 တလက်ရှုံး တယ်။ စိုင်းထွန်း (အသက် ၄၀ နှစ်) ကိုလဲ ဗမာစစ်သား တွေ အဲဒီမှာတင် ပစ်သတ်လိုက်တယ်။ သူ့မိန်းမတော့ ထွက်ပြေးလွတ်မြောက် သွားတယ်” ဟု ၄င်းက ပြောပြ၏။ စိုင်းထွန်း အားပစ်သတ့်ပြီးနောက် နအဖတပ်က ၄င်းတို့တပ်စခန်းရှိရာ မိုင်းနောင်မြို့ နမ့်မောန်းရွာသို့ ပြန်ဆုတ် သွား ကြသည်ဟု ဆို၏။

ဒုဗိုလ်မှူးကြီး မျိုးထွန်းဦးဆောင်သည့် အင်အား ၆၀ ခန့်ပါ နအဖတပ်စုမှာ ထိုဒေသတ၀ိုက် ရွာများမှ ဒေသခံများ၏ လယ်ယာ ထွက်သီးနှံများနှင့် အိမ်မွေးတိရ စ္ဆာန်များကို ခိုးယူဖမ်းဆီးစားသောက်လေ့ရှိသည် ဟုလည်း ကြားသိရပါသည်။

ReadMore-2.jpg

Tuesday, 2 November 2010

ကြာအင်းဆိပ်ကြီး လုံခြုံရေး တင်းကျပ်

သန်းထိုက်ဦး Tuesday, 02 November 2010 17:32
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် လူထုလှုပ်ရှားမှုနှင့် ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားလာပါက အချိန်မီ ထိန်းချုပ်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ယနေ့မှ စတင်၍ လုံခြုံရေးတင်းကျပ်ထားကြောင်း အစိုးရနှင့် နီးစပ်သည့် မျက်မြင်ဒေသခံ တဦးက ဧရာဝတီ သို့ ပြောသည်။










ရေးမြို့နယ်အတွင်း တနင်္ဂနွေနေ့က ပြုလုပ်သည့် ရွေးကောက်ပွဲ ဆန့်ကျင်ရေး ဆန္ဒပြပွဲ (ဓာတ်ပုံ - Kaw Wai)
“ရဲတပ်ဖွဲ့တို့ ဘာတို့ဆိုလို့ရှိရင် သေနတ်တွေနဲ့ ဘာနဲ့ မြို့ထဲ နေရာတော်တော် များများမှာ ကင်းလှည့်တဲ့ သဘောမျိုးနဲ့ လုံခြုံ ရေး ချထားတယ်”ဟု ၎င်းက ဆိုသည်။

နေခင်းပိုင်းတွင် ရဲက လုံခြုံရေး တာဝန်ကျပြီး ညပိုင်းတွင် ကြာအင်းဆိပ်ကြီးမြို့နယ် အခြေစိုက် စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် (စကခ) ၈ မှ တပ်သားများနှင့် ခြေမြန်တပ်ရင်း (ခမရ) ၃၂ တို့က လုံခြုံရေး တာဝန်ယူထားကြောင်း သိရသည်။

နယ်စပ်မြို့ဖြစ်သည့် အတွက် စစ်အစိုးရ အနေဖြင့် ဗုံးထောင်၊ ရွေးကောက်ပွဲ ဆန့်ကျင်ရေး စာရွက်စာတမ်းများနှင့် ဆန္ဒပြမှုများ ဖြစ်ပွားမည်ကို စိုးရိမ်သောကြောင့် လုံခြုံရေး တင်းကျပ်ထားခြင်း ဖြစ်နိုင်ကြောင်း ၎င်း မျက်မြင် သက်သေ ဒေသခံက ဆက် လက် ပြောဆိုသည်။

အောက်တိုဘာလ ၂၀ ရက်ခန့် ကလည်း ကြာအင်းဆိပ်ကြီးတွင် ရွေးကောက်ပွဲ ဆန့်ကျင်သည့် အနေဖြင့် ဒေါ်အောင်ဆန်း စုကြည်ပုံနှင့် မဲမပေးရေး စာရွက်စာတမ်းများကို အမည်မသိ လူငယ်တချို့က မြို့ထဲတွင် လိုက်လံ ဖြန့်ဝေပေးခဲ့ကြောင်း ယင်း မြို့ရှိ ဒေသခံ များက ပြောသည်။

“ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဆို အမိန့်တွေ၊ ဒီရွေးကောက်ပွဲဟာ လုံးဝ လွတ်လပ်ပြီး တရားမျှတမှု မရှိဘူး ဆိုတဲ့အကြောင်း ပြည်သူတွေ မဲမပေးဘဲ နေနိုင်တဲ့ အကြောင်း ဒါတွေပါတယ်”ဟု ဆန့်ကျင်ရေး စာရွက်များကို ဖတ်ရသူ တဦးက ပြောသည်။

ယင်းစာရွက်များ၌ ယခုရွေးကောက်ပွဲသည် ပြည်သူကိုလည်း မည်သို့မျှ အကြိုးမပြုကြောင်း၊ ပြည်သူလူထု ဘ၀မြှင့်တင်ရေး အတွက်လည်း မည် သို့ မျှ ဖြစ်လာမည် မဟုတ်ကြောင်း စသည့် အချက် အလက်များကို ရေးသားထားကြောင်း သိရသည်။

တချိန်တည်းတွင်ပင် မွန်ပြည်နယ် ရေးမြို့ လမိုင်းမြို့နယ်ခွဲ ကတို့တုတ် ရွာတွင် ဒေသခံရွာသား ၅၀၀ ခန့်ကလည်း ၂၀၁၀ ရွေး ကောက်ပွဲကို ပြီးခဲ့သည့် တနင်္ဂနွေနေ့က ကန့်ကွက်ဆန္ဒပြခဲ့ကြောင်း ကရင်အမျိုးသား အစည်းအရုံး(KNU)တပ်မဟာ ၆ မှ ပြန် ကြားရေး တာဝန်ခံ ဗိုလ်ကြီး ဖဒို စောထဲနေ က ဧရာဝတီသို့ ပြောသည်။

စစ်အာဏာရှင် ရွေးကောက်ပွဲ ဆန့်ကျင် တိုက်ဖျက်ရေး လူထုလုပ်ရှားမှု ခေါင်းစဉ်တပ်၍ ကျင်းပပြုလုပ်ခဲ့ပြီး စစ်အာဏာရှင် အလိုမရှိ၊ သုံးပွင့်ဆိုင် ဆွေးနွေးပွဲ အမြန်စ ဟူသော ကြွေးကြော်သံ ဆိုင်းဘုတ်များကို ကိုင်ဆောင်၍ ဆန္ဒပြခဲ့ကြောင်း ၎င်းက ဆိုသည်။

“ဒီရွေးကောက်ပွဲကို အယုံအကြည်မရှိ၊ ထောက်လည်း မထောက်ခံဘူး၊ မဲလည်း လုံးဝ မပေးဘူးဆိုတာ ကျနော်တို့ရဲ့သဘော ဆန္ဒကို ပြည်တွင်းမှာ ရှိတဲ့ ညီအစ်ကိုတွေ တိုင်းရင်းသားတွေ အားလုံးသိရှိအောင် ကျနော်တို့ ဆန္ဒပြရခြင်းဖြစ်ပါတယ်”ဟု ဆန္ဒပြပွဲ စီစဉ်သူ တဦးက ပြောကြားခဲ့သည်။

ဆန္ဒပြပွဲကို စစ်အစိုးရတပ်နှင့် ၄ မိုင်ခန့် အကွာအဝေးရှိသော တနေရာတွင် ပြုလုပ်ကျင်းပခဲ့ကြောင်း စောထဲနေက ဆိုသည်။

ပဲခူးတိုင်း အနောက်ခြမ်းရှိ ပြည်မြို့နှင့် တခြားသော မြို့ပေါင်း ၁၀ မြို့တွင်လည်း ဒေါ်အောင်ဆန်းစုကြည်ပုံနှင့် မဲမပေးရေး စာ တန်းပါ ပိုစတာများ ကပ်ပြီး ရွေးကောက်ပွဲ ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြည်- ရန်ကုန် ကားလမ်းတလျှောက်ရှိ ပြည်၊ ရွှေတောင်၊ ပေါင်းတည်၊ နတ္တလင်း၊ ဇီးကုန်း၊ ကြို့ပင်ကောက်၊ အုတ်ဖို၊ လက်ပံ တန်း၊ သာယာဝတီ၊ သုံးဆယ်၊ သဲကုန်း၊ ပုတီးကုန်း၊ ဆင်မြီးဆွဲ၊ ပေါင်းတလည်၊ ပန်းတောင်း၊ ဥသျှစ်ပင်မြို့များနှင့် မကွေးတိုင်း အတွင်းရှိ အောင်လံ၊ ကမ္မ မြို့နယ်များတွင် ရွေးကောက်ပွဲဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ကြခြင်း ဖြစ်ကြောင်း သိရသည်။

စစ်အာဏာရှင်စနစ် သက်ဆိုးရှည်စေမည့် ရွေးကောက်ပွဲကို ပြည်သူများအနေဖြင့် မဲမပေးရန်အတွက် ရွေးကောက်ပွဲ ဆန့်ကျင် သည့် ပိုစတာများကပ်၍ လှုပ်ရှားမှုပြုလုပ်ရခြင်းဖြစ်သည်ဟု ဦးဆောင်ပြုလုပ်ခဲ့သည့် အဖွဲ့ဝင်တဦးက ဧရာဝတီသို့ မကြာခင် ရက်ပိုင်းက ပြောကြားခဲ့သည်။

ယင်းလှုပ်ရှားမှုကို ကျောင်းသားများ ဦးဆောင်သည့် ၂၀၁၀ ရွေးကောက်ပွဲ ဆန့်ကျင်ရေး (Boycott-2010) အဖွဲ့က ပြုလုပ်ခဲ့ ခြင်း ဖြစ်ပြီး ပြည်မြို့တွင်ပင် စာရွက်ပေါင်း ၂၀၀၀ ကျော် ကပ်ခဲ့သည်ဟု ယင်း အဖွဲ့က ဆိုသည်။

ReadMore-2.jpg

အစ္စလမ်ဘာသာဝင် တဦး၏အိမ်ကို ဗလီအဖြစ် မြို့တော်ဝန်သတ်မှတ်

ဧရာဝတီ Tuesday, 02 November 2010 16:22

ရန်ကုန်တိုင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) ၏ တောင်ဥက္ကလာပ မြို့နယ် ကိုယ်စားလှယ်လောင်း မြို့တော်ဝန် ဦးအောင်သိန်းလင်းသည် ၎င်းမြို့နယ်တွင် အစ္စလမ်ဘာသာဝင်များ ထောက်ခံဆန္ဒမဲရရှိရေး ထပ်မံ ကြိုးစားသည့် အနေဖြင့် အစ္စလမ်ဘာသာဝင်တဦးပိုင် နေအိမ်အဆောက်အအုံ တခုကို ၀တ်ပြုဗလီ အဖြစ် သတ်မှတ်ပေးလိုက်ကြောင်း သတင်းရရှိသည်။

ရန်ကုန်မြို့ရှိ ဗလီတခုတွင် ဝတ်ပြုဆုတောင်းနေသော အစ္စလာမ် ဘာသာဝင်များ (ဓာတ်ပုံ - Bumisepi)
တောင်ဥက္ကလာပမြို့နယ် အင်းဝလမ်းပေါ်ရှိ ၆ ရပ်ကွက် ရယက ရုံးဘေးတွင် တည်ရှိသော အစ္စလမ်ဘာသာဝင် တဦးပိုင် နေအိမ် အဆောက်အအုံကြီးတခုကို ဗလီအဖြစ် အောက်တိုဘာလ ၂၉ ရက်နေ့က တရားဝင် အမိန့်စာထုတ်၍ သတ်မှတ် ပေးလိုက်ခြင်း ဖြစ်ကြောင်းသိရသည်။

“၆ ရပ်ကွက် ရယက ရုံးရဲ့ ခြေရင်းဘက်မှာ အရင်က တရုတ်လုပ်ငန်းရှင် တဦးပိုင်တဲ့ အဆောက်အအုံကြီး တခုရှိတယ်။ အဲဒါက တော်တော်လည်းကြီးတယ်။ ရဲတိုက်ကြီးလိုပဲ။ ပေ ၄၀၊ ပေ ၆၀ ပေါ်မှာ ဆောက်ထားတာ။ ၂ ထပ်ခွဲ ဆောက်ထားတာ။ နောက်တော့ အစ္စလမ် ဘာသာဝင်တယောက်က ၀ယ်လိုက်တယ်။ အဲဒါကို မြို့တော်ဝန်က ဝတ်ကျောင်းဗလီလုပ် ဆိုပြီး တရားဝင် သတ်မှတ်ပေးတယ်။ အခု ဆေးတွေသုတ်နေပြီ။ ဒီအပတ်ထဲမှာ ဗလီစတက်ဖို့ လုပ်နေပြီ” ဟု ၆ ရပ်ကွက်သား တဦးက ရှင်းပြသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး ၆ ရပ်ကွက်မှ ဗုဒ္ဓဘာသာဝင် တချို့မှာ စိတ်အနှောင့်အယှက် ဖြစ်နေကြပြီး တောင်ဥက္ကလာပနေ ပြည်သူအများစု မသိကြသေးကြောင်း ၎င်းကပြောသည်။

အဆိုပါသတင်း တောင်ဥက္ကလာပ မြို့နယ်အတွင်း ထပ်မံပျံ့နှံ့လာပါက ဗုဒ္ဓဘာသာဝင်များနှင့် အစ္စလမ် ဘာသာဝင်များအကြား အခြေအနေများ ထပ်မံတင်းမာလာနိုင်သည်ဟု သူက ဆိုသည်။

“ဦးအောင်သိန်းလင်းက ဘာသာရေး အဓိကရုဏ်းဖြစ်အောင်များ တမင်လုပ်နေတာလား မသိဘူး။ ဒီလူ ထင်ရာတွေ လျှောက်လုပ်နေတယ်” ဟု တောင်ဥက္ကလာ ၁၃ ရပ်ကွက်သားတဦးက ပြောသည်။

မြို့တော်ဝန် ဦးအောင်သိန်းလင်းသည် အစ္စလမ်ဘာသာဝင်များထံမှ မဲများရရှိစေရန် ဗလီဆောက်လုပ်ခွင့်ပြုခဲ့ခြင်း၊ လူနေ အဆောက်အအုံကို ဗလီအဖြစ် သတ်မှတ်ပေးခြင်းများ ပြုလုပ်လျက်ရှိသကဲ့သို့ ဗုဒ္ဓဘာသာဝင် များအတွက်လည်း ဆွမ်းလောင်း ဓမ္မာရုံသစ်များကို တပြိုင်နက်တည်း ဆောက်လုပ်ပေးနေကြောင်း သိရသည်။

မြို့တော်ဝန်ဦးအောင်သိန်းလင်းသည် ၇ ရပ်ကွက် သီရိဇေယျာလမ်းတွင် အစ္စလမ်ဘာသာဝင်များ၏ ထောက်ခံမဲ ရရှိရေးနှင့် ပါတီဝင်အင်အား ရရှိရေးအတွက် ဆောက်လက်စ ဆိုင်းငံ့ထားသည့် တောင်ဥက္ကလာပ ဗလီကြီးကို ပြန်လည် ဆောက်လုပ်ခွင့် ပေးခဲ့ရာ ဗုဒ္ဓဘာသာဝင်များနှင့်မွတ် စလင်ဘာသာဝင်များအကြား အဓိကရုဏ်း ဖြစ်လုနီးနီးအထိ အခြေအနေများ တင်းမာ ခဲ့သည်။

မြို့တော်ဝန် ဦးအောင်သိန်းလင်းသည် ရွေးကောက်ပွဲတွင် ရှုံးနိမ့်မည်ကို အလွန်စိုးရိမ်လျက်ရှိပြီး ကြံ့ဖွံ့ပါတီ ထောက်ခံဆန္ဒမဲ ရရှိရေးနှင့် ပါတီဝင်အင်အား ရရှိရေးအတွက် နည်းလမ်းမျိုးစုံ အသုံးပြုလျက်ရှိသည်။

နိုင်ငံရေးသမားများကမူ ဦးအောင်သိန်းလင်းသည် ဘာသာရေးကို နိုင်ငံရေးတွင် အသုံးချခြင်း၊ နိုင်ငံပိုင် ဘဏ္ဍာများနှင့် မဲဆွယ် လမ်းခင်းခြင်း၊ ငွေချေးခြင်း အပါအ၀င် ရွေးကောက်ပွဲဥပဒေ ချိုးဖောက်မှုများ အကြိမ်ကြိမ်ပြုလုပ်လျက်ရှိသည်ဟု ပြောဆိုကြသည်။

ReadMore-2.jpg